ဝ ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ဌာနချုပ်ဖြစ်သော သျှမ်းပြည်အရှေ့ပိုင်း ပန်ဆန်း မြို့၌ ကျင်းပသည့် သျှမ်းနှစ်သစ်ကြိုဆိုပွဲတွင် ‘သျှမ်းနှစ်သစ်ကူးပွဲ’ ဆိုသည့် အမည် ရေးသားခွင့် မရကြောင်း ဒေသခံများက ပြောသည်။
“ကောင်းမူးလုံပွဲလို့ဘဲ နာမည်တပ်ခိုင်းတယ်။ သျှမ်းနှစ်သစ်ကူးပွဲလို့ နာမည်မတပ်ရတော့ စိတ်ပျက်မိ တယ်။ တခြားရိုးရာပွဲတွေတောင်လုပ်သေးတာဘဲ။ နောက်ဆိုသျှမ်းရိုးရာဓလေ့တွေ ပျောက်သွားမှာကို စိုးရိမ်လို့ပြောတာ။” - ဟု ပန်ဆန်းလူငယ်တစ်ဦးက ပြောသည်။
စစ်အစိုးရလက်ထက် ထောက်လှမ်းရေးခေတ်က ဗိုလ်ချုပ်ခင်ညွန့်မှ အဆိုပါမြို့တွင်းရှိ ကောင်းမူးလုံ စေတီအား ရွှေတိဂုံပုံတူစေတီ ပြင်ဆင်မွမ်းမံကာ ထီးတော်ပြန်တင်ထားခဲ့သည်။
၀ ထိန်းချုပ်နယ်မြေ ပန်ဆန်းမြို့ရှိ သျှမ်းရွာများဖြစ်သည့် ကောင်းဟုန်းရွာ၊ ကောင်းမူးရွာ၊ နားလောတ် ရွာ၊ ကျူဟဲ့ရွာ၊ ဟတ်ဇုံးရွာ နှင့် နမ့်တောင်း(ဝ်း)ရွာတို့စုပေါင်း၍ ဒီဇင်ဘာ ၁၂ ရက် မှ ၁၄ ရက်ထိ သျှမ်းနှစ်သစ်ကူး ပွဲ ကျင်းပမည်ရန်ရှိသည်။
သျှမ်းနှစ်သစ်အားကြိုဆိုပါ၏ ဆိုသည့် စာတမ်းပါ ဆိုင်းဘုတ်တပ်ရန် ဝ အာဏာပိုင်များက တားမြစ်ထား သောကြောင့် မကျေမနပ်ဖြစ်နေခြင်းဖြစ်သည်ဟု လူငယ်တဦးက အခုလိုပြောသည်။
“သျှမ်းနှစ်သစ်ကူးပွဲလို့ မပြောနဲ့ သျှမ်းဆိုတဲ့စာလုံးလေးတလုံးတောင် တနေရာမှ မတွေ့ရဘူး။ မေး ကြည့်တော့ အာဏာပိုင်တွေက တပ်ခွင့်မပေးဘူးလို့ ပြောတယ်”
သျှမ်းနှစ်သစ်ကူးပွဲ ရုပ်သွင်ပေါ်ရန် အရေးမကြီးကြောင်း၊ ပွဲဖြစ်မြောက်ရန်သာ အရေးကြီးကြောင်း၊ သျှမ်းနှစ် သစ်နာမည်မပါဘဲ ကျင်းပလာတာ ၁၀ နှစ် ၁၀ မိုးရှိပြီဖြစ်ကြောင်း၊ ကျင်းပခွင့်မပြုတာမဟုတ်ကြောင်း၊ တရုတ်နှစ်သစ်ကူးနှင့် တခြားတိုင်းရင်းသား နှစ်သစ်၊ ကောက်သစ်ပွဲလည်း ထို့နည်းတူ နှစ်စဉ်နှစ်တိုင်းကျင်း ပခွင့်ပြုကြောင်း ၀ အရာရှိတစ်ဦးက ပြောဆိုသည်။
သျှမ်းနှစ်သစ်ကူးပွဲတော်သည် ရိုးရာပွဲများအနက် သျှမ်းလူမျိုးများ ခေတ်အစားဆုံး၊ အမြတ်နိုးဆုံးပွဲ တော်တစ် ခုဖြစ်သည်။ ထို့အတွက် ယခုနှစ် ၂၁၀၇ သျှမ်းနှစ်သစ်အား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ၌ ပြည်တွင်းပြည်ပ သျှမ်းများက စုပေါင်းကြိုဆိုကြမည်။ သျှမ်းလူမျိုးများဆိုင်ရာ စာပေဟောပြောပွဲလည်း ပူးတွဲ ကျင်းပသွားမည်ဖြစ်သည်။