သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ ယနေ့မနက်ပိုင်းက ကျင်းပသော သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD ဗဟိုကော်မတီ ရုံးခွဲဖွင့်ပွဲအား ဥက္ကဌကြီး ခွန်ထွန်းဦး တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း ဒေသခံ များက ပြောဆိုသည်။
ယနေ့နံနက်ပိုင်း၌ SNLD ဥက္ကဌ ခွန်ထွန်းဦး နှင့် အဖွဲ့ ကျိုင်းတုံလေဆိပ်သို့ ရောက်ရှိရာ ကျိုင်းတုံဒေသခံ သျှမ်းလူမှုအဖွဲ့အစည်းများ၊ ကျားဖြူပါတီမှ ပုဂ္ဂိုလ်များ၊ လားဟူ၊ အင် စသည့် ဒေသခံ တိုင်းရင်းသားများ စုပေါင်းအင်အား ၄၀၀ ခန့်က လေဆိပ်၌ စောင့်ကြိုခဲ့ကြသည်။
SNLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်က “ကျနော်တို့ ကျိုင်းတုံကိုရောက်လာတာ ကျိုင်းတုံသူကျိုင်းတုံသား တွေက အင်အားရာဂဏန်းနဲ့ ကြိုဆိုတော့ ဝမ်းမြောက် ဂုဏ်ယူပါတယ်။ ကျနော်တို့အနေနဲ့တော့ ထိထိ ရောက်ရောက် အလုပ်လုပ်နိုင်ဖို့ ဗဟိုကော်မတီ ရုံးခွဲကို ၁။ ကျိုင်းတုံ၊ ၂။ တောင်ကြီး၊ ၃။ လားရှိုး နဲ့ ၄။ မန္တလေးတွေမှာဖွင့်သွားဖို့ရှိတယ်” - ဟု ပြောသည်။
လက်ရှိ ကျိုင်းတုံမြို့ SNLD ဗဟိုကော်မတီရုံးခွဲအား ကျိုင်းတုံမြို့နယ် SNLD ဥက္ကဌ အဖြစ်တာဝန်ထမ်း ဆောင်ထားသူ စဝ်ဆုလဖွန်း နေအိမ်၌ ယာယီဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း၊ အတွင်းရေးမှူးမှာမူ စိုင်းဆမ်တစ် ကျိုင်းလန်းက တာဝန်ယူကြောင်း သိရသည်။
ကျိုင်းတုံမြို့ရောက်ရှိနေသော သျှမ်းတိုင်းရင်းသားများဒီမိုကရေစီ ဥက္ကဌ ခွန်ထွန်းဦးမှာမူ - အလျဉ်းသင့်ပါက တာချီလိတ် မိုင်းလား ဆီလူးဘက် ခရီးဆက်ဖွယ်ရှိကြောင်း၊ မည်သို့ပင်ဆိုစေ ပြည်တွင်းပြည်ပ အနယ်နယ် အရပ်မှ သျှမ်းများစုပေါင်း ကျင်းပမည့် ၂၁၀၇ နှစ်သစ်ကြိုဆိုပွဲ စာပေဟောပြောပွဲ အခမ်းအနားအား တက်ရောက်ရန် ပွဲဖြစ်မြောက်ရေးကော်မတီဖြစ်သည့် ကျိုင်းတုံသျှမ်း စာပေယဉ်ကျေးမှုအဖွဲ့နှင့် ရန်ကုန်သျှမ်း စာပေယဉ်ကျေးမှုအဖွဲ့မှ ဖိတ်စာပို့ထားသောကြောင့် ကျိုင်းတုံမြို့၌ ဒီဇင်ဘာ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် နှစ်သစ်ကြိုဆိုသည့် အခမ်းအနားပွဲ တက်ရောက်ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။