သျှမ်းပြည်တပ်မတော် SSPP/SSA လှုပ်ရှားရာ ဒေသဘက်တို့ အစိုးရတပ် မကြာခဏ ဦးတည်လာသော ကြောင့် နိုဝင်ဘာလအတွင်း တိုက်ပွဲ ၁၀ ကြိမ်ကျော်ဖြစ်ပွားခဲ့ရကြောင်း သျှမ်းပြည်တပ်မတော် ကပြော သည်။
“ကျနော်တို့အပစ်ရပ်တာ ၁ နှစ် နီးပါးရှိပြီ။ ဒါပေမယ့် မန္တလေး - လားရှိုး ကားလမ်းအနောက်ဘက်ခြမ်းက ကနေ့အထိ အပစ်မရပ်ဘူးဆိုတဲ့အတိုင်းဘဲ။ အစိုးရတပ်က အင်အား ၂၀၀-၃၀၀ နဲ့ ကျနော်တို့ဆီ တမင်သက်သက်ကို ဦးတည် လာတယ်။ အဲဒါကြောင့် တိုက်ပွဲဖြစ်ရတယ်။ အခု နိုဝင်ဘာ အတွင်းမှာဘဲ တိုက်ပွဲက ၁၀ ကျော်တယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ က ပြောသည်။
နိုဝင်ဘာလ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ် တော့ဆန်ဘက်၌လည်းကောင်း၊ နိုဝင်ဘာ ၂၄ ရက် မိုင်းလုံ နှင့် ကျောက်မဲမြို့ ကြား အစိုးရတပ် စကခ ၁ လက်အောက်ခံ ပူးပေါင်းတပ်ရင်း အင်အား ၃၀၀ ခန့်က သျှမ်းပြည် တပ်မတော် SSPP/SSA ရှိရာတောင်ကုန်းတခုသို့လည်းကောင်း၊ နိုဝင်ဘာ ၂၈ ရက် ကျောက်မဲမြို့နယ် ခေးနင်း(မ်း)ကျေးရွာ တောတွင်းတနေရာ၌ လည်းကောင်း အစိုးရတပ်က ၀င်ရောက် တိုက်ခိုက်ခဲ့သည် ဟုလည်း ဆိုသည်။
“ကျနော်တို့က သွားတိုက်တဲ့သူမဟုတ်ဘူး။ ကျနော်တို့ နေရာကို သူတို့ကဘဲ လူထုကို ရိုက်နှက် စစ်ဆေး မေးမြန်းပြီး လာလာတိုက်တယ်။ အများအားဖြင့် ကျနော်တို့က အားသာတဲ့နေရာမှာရှိတယ် ဆိုတော့သူတို့ ဘက်က အထိနာတာပေါ့ဗျာ” - ဟု ဗိုလ်မှူးစိုင်းလ က ပြောသည်။
ရှေ့တန်းရောက်တပ်မှူးတဦးကလည်း နှစ်ဖက် တိုက်ပွဲများအတွင်း အစိုးရတပ်က ၆၀ မမ၊ ၈၀ ၊ ၈၁ မမ စသည့်လက်နက်ကြီးများ အသုံးများသော်လည်း မိမိတို့ဘက်မှ တပ်စခန်း နေရာများ အတည်တကျမထား သည့်အတွက် စိုးရိမ်မှုမရှိကြောင်း၊ မန္တလေး- လားရှိုးကားလမ်းမြောက်ဘက်ခြမ်းတွင်လည်း သျှမ်းပြည်တပ်မ တော်၏ တပ်မဟာ သုံးခုက တိုက်ခိုက်ရေး အင်အား ထောင်ကျော်ရှိသော အစိုးရ စစ်ကြောင်း နှင့်တိုက်ပွဲဖြစ် ပွား ခဲ့ရကြောင်း ပြောသည်။
သျှမ်းပြည်တပ်မတော် SSPP/SSA သည် ဦးသိန်းစိန်အစိုးရ နှင့် ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး သဘောတူမှု ရခဲ့သော်လည်း ယနေ့အထိ တိုက်ပွဲ အကြိမ် ၅၀ ကျော် ဖြစ်ပွားခဲ့ကြောင်းနှင့် ယင်းတိုက်ပွဲများအားလုံး အစိုးရတပ်ဘက်မှ ရန်ရှာတိုက်ခိုက် ခြင်းသာဖြစ်ကြောင်း SSPP/SSA ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက ပြောဆိုသည်။