ကိုယ့်အားကိုယ်ကိုး အမျိုးသမီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ လုပ်ငန်းအောင်မြင်

ကိုယ့်အားကိုယ်ကိုး အမျိုးသမီး မူးယစ်တိုက်ဖျက်ရေးအဖွဲ့ လုပ်ငန်းအောင်မြင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် မုံးပေါ်ဒေသ၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားနေသော အမျိုးသမီးအဖွဲ့၏ လုပ်ငန်းအောင်မြင်မှုများ ရလာကြောင်း ရောင်းဝယ်သူရှားပါးလာမှုကြောင့်ဝယ်ယူသုံးစွဲသူ လျော့နည်းလာ ကြောင်း မြို့ခံများကပြောသည်။

မုံးပေါ်ဒေသမူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအသင်း

“အိမ်မှာဘိန်းစားရှိရင် ချက်ဖို့ဆန်ကအစ ခိုးရောင်းတယ်။  အိမ်ပစ္စည်းတွေ ဘာမှု လုံခြုံမှုမရှိဘူး။ မိန်းမဖြစ်သူ က အလုပ်သွားလုပ်တော့မယ်ဆိုရင် အဖိုးတန်ပစ္စည်းတွေ ဘိန်းစားမရှိတဲ့ ဘေးအိမ်ကို  သွားအပ်ထားရတယ်။ မခံမရပ်နိုင်အောင်ဖြစ်လာလို့ ဒေသခံ မိခင်တွေကစုပြီး မူယစ်ဆေးဝါးတိုက်ဖျက်လာတယ်။ ရောင်းတဲ့သူကို အင်အားနဲ့သွားဖမ်းတယ်။ သုံးစွဲတဲ့သူကို တိုက်ဖျက်ပေးတယ်။ အခုရောင်းတဲ့သူတွေ တော်တော်လျော့သွားလို့ ဝယ်စားတဲ့သူက လွယ်လွယ်နဲ့ မရတော့ဘူး။ အားဖြည့် ပြီးလုပ်လာတာ ရ-၈ လလောက်ရှိပြီ။ အောင်မြင်လာ တယ်လို့ ပြောရမှာပေါ့” ဟု မူးယစ်ဆေး ဝိုင်းဝန်းတိုက်ဖျက်နေသည့် ဒေသခံ မိခင် ကချင်အမျိုးသမီး တဦးက ပြောသည်။

ယခုနှစ်အတွင်းစတင်သည့် မုံးပေါ် ဒေသခံအမျိုးသမီးများ၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးမှာ မူစယ်မြို့နယ် ပန်ဆိုင်း မြို့နယ်ခွဲရှိ မုံးပေါ်ဒေသအတွင်း အဓိကပစ်မှတ်ထားကြောင်း၊ အမျိုးသမီးနှင့် ရပ်ကွက် လူထုကျေးရွာ ၂၁ ရွာ  စုပေါင်း အင်အား ၂၀၀ ကျော်က မုံးပေါ် ဇုံ ပြည်သူလူထု မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး အသင်းအဖြစ် ဖွဲ့စည်းပြီး မူးယစ််ဆေး ဝါးတိုက်ဖျက်လာခဲ့ခြင်းဖြစ်သည်။

မူစယ်မြို့၌ ၈ အုပ်စု ၃၂ ရွာ ရှိရာ မုံးပေါ်ရွာတွင် အိမ်ခြေ ၂,၆၀၀၊ လူဦးရေ ၁၀,၇၅၅ ရှိရာ ဆေးစွဲသူ ၂,၀၀၀ ကျော်ရှိကြောင်း၊ မူးယစ်ဆေး လက်လီအရောင်းသမား  ၄၀ ကျော်ရှိပြီး ၎င်းတို့မှာ အစိုးရရဲထံ တလလျင်တဦး ကျပ် ၄ သိန်းပေးသွင်းရကြောင်း ပလောင်အမျိုးသမီးများ စာစောင်က ဖော်ပြထားသည်။

“မူစယ်မြို့နယ် မဲဆန္ဒနယ်အမတ် ၂ က ကြံ့ဖွံ့ပါတီရဲ့ပြည်နယ်လွှတ်တော်အမတ် ဦးကမ်မိုင်ရဲ့အကို ဦးမာမွန်း ကနေ အားပေးတယ်။ တိုက်ရိုက်ပတ်သက်တာတော့မဟုတ်ဘူး။ မလုပ်လို့လဲမရတော့တဲ့အခြေအနေလေ။ အိမ်တိုင်းနီးပါးကို ဆေးသုံးနေကြတယ်။ ကြာရင်တော့ လူမျိုးသုဉ်းမယ် လူမျိုးပျောက်မယ်လေ။ ဒီအမျိုးသမီး အဖွဲ့ရဲ့ခေါင်းဆောင်ကလည်း နန်းဆွဲ့တဲ့ အသက် ၈၀ ကျော်နေပြီ။ သာမာန်အရပ်သူဘဲ”  ဟု မုံးပေါ်ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အား ပြောသည်။

ထိုကဲ့သို့ မူးယစ်ဆေးဝါးပျံ့နှံ့ သုံးစွဲလာရခြင်းမှာ ဒေသတွင်းမတည်မငြိမ် ဖြစ်ခြင်း၊ သတင်းပို့ ပေးမည့် သူမရှိ တော့ခြင်း (ယခင်ကရှိဖူးသော်လည်း သတင်းပို့သူအား သတ်ဖြတ်မှုကြောင့် ကြောက်ရွံ့ကြ သဖြင့်သတင်းမပို့ ရဲတော့) ၊ ဒေသတွင်းရှိ အစိုးရဝန်ထမ်းများ လစာနည်းပါးခြင်း (လာဘ် ပေးလာဘ်ယူမှု များ ပြားလာ) တို့ကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အိမ်ပေါ်အထိ တက်ရောက်စစ်ဆေးရာ ပထမအကြိမ်ဖမ်းမိပါက သတိပေးတားမြစ်ခဲ့သည်။ သို့သော်ဖမ်းမိ ပစ္စည်းများအား သိမ်းယူသွားခဲ့သည်။ ဒုတိယအကြိမ်ဖမ်းမိပါမှ ဖမ်းဆီးအရေးယူသည်ဟုဆိုသည်။

ထို့အပြင် ဖမ်းမိပစ္စည်းများအား လစဉ်လတိုင်း မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ကြောင်း အဆိုပါအသင်းဝင်များက ဆိုသည်။

အဆိုပါအသင်းအဖွဲ့၏ ရည်ရွယ်ချက်မှာ
၁- နောင်လာနောက်သားများ မူးယစ်ဆေးဝါးကင်းစင်ပြီး ရပ်ရွာဒေသ ပတ်ဝန်း ကျင်၌  ငြိမ်းချမ်းလုံခြုံစွာ နေထိုင်နိုင်ရန်နှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်။
၂- နိုင်ငံ့ခေါင်းဆောင်ကောင်းများပေါ်ထွန်းလာစေရန်။
၃-ရေရှည်တည်တံ့ခိုင်မြဲသော စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လာစေရန်။
၄-မူးယစ်ဆေးဝါးကြောင့် ဆင်းရဲဒုက္ခရောက်နေသော မိသားစုများ၏စိတ်ဓါတ်ပြန်လည်မြင့်တင်လာစေရန် - ဟူသောအချက် ၄ ချက်ဖြစ်သည်ကြောင်း သိရသည်။

Most read this week