သံလွင်အရှေ့ခြမ်း မိုင်းဆတ်ခရိုင်၌ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရတပ် တို့ ယနေ့တိုက်ပွဲထပ်မံဖြစ်ပွားရာ RCSS/SSA ဘက်မှတဦးကျဆုံးကြောင်း ကျိုင်းတုံ စစ်ဒေသ တပ်မှူးကြီးက ပြောပါသည်။
“မိုင်းတူး(မ်း) ကျေးရွာအုပ်စု အရှေ့မြောက်ဘက် (တာချီလိတ်မြို့အနောက်ဘက် ကီလိုမီတာ ၄၀ ခန့်) လွယ်ပန်မော့မှာဖြစ်တာ။ တိုက် ပွဲ က မွန်းတည့်လောက်ကနေ မွန်းလွဲ ၂ နာရီ ခွဲ လောက်အထိ ။ အစိုးရဘက်တော့မသိဘူး။ ကျနော်တို့ ဘက်က တယောက်ကျတယ်။ တယောက်ဒဏ် ရာရ တယ်” - ကျိုင်းတုံစစ်ဒေသမှူး ဗိုလ်မှူးကြီး ကွဏ်းဇင့် က ပြောပါသည်။
နိုဝင်ဘာ ၂၄ ရက် မိုင်းဆတ်အခြေစိုက် စကခ ၁၄ လက်အောက်ခံ ခမရ ၅၅၃၊ ၅၅၄ မိုင်းတူး(မ်း) နှင့် သျှမ်းပြည်ပြန်လည်ထူးထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသတို့ တိုက်ပွဲသုံးနာရီခန့် ဖြစ်ပွားကြောင်း၊ မိုင်းဆတ် - တာချီလိတ်လမ်းလည်း ယနေ့ သွားလာမှု ပိတ်ထားကြောင်း တာချီလိတ်မှ မိုင်းတူး(မ်း) ကားဆရာတဦးကပြောပါသည်။
“ကျနော်တို့စစ်ကြောင်းကို ခမရ ၅၇၈ ၊ ၅၈၀ တို့က နောက်ယောင်ခံလိုက်နေတာ။ ကျနော်တို့က အပစ် ရပ်ထားတယ်ဆိုတော့ အပစ်အခတ်မဖြစ်ဖို့ အထူးရှောင်ရှားတဲ့ကြားထဲက ဗိုလ်မှူးကျော်ကျော်လင်း ဦးဆောင်တဲ့ ခမရ ၅၅၃၊ ဗိုလ်မှူး သန်းကျော်ဌေး ဦးဆောင်တဲ့ ခမရ ၅၅၄ ပူးပေါင်းတပ်ဖွဲ့နဲ့ ပက်ပင်းတိုး လို့ တိုက်ပွဲဖြစ်သွားတယ်။ သူတို့ရဲ့ လက်နက်ကြီး ၆၀ မမ က ကျနော်တို့ နောက်တန်းရုံးနားမှာ ကျကွဲလို့ပေါ့။ ရှေ့တန်းစစ်မျက်နှာက ဘာမှမဖြစ်ဘူး” - ဟု ဗိုလ်မှူးကြီး ကွဏ်းဇင့် က ဆက်လက် ပြောပြပါသည်။
သျှမ်းပြည်တပ်မတော် RCSS/SSA ဘက်မှကျဆုံးသူမှာ ဒုဗိုလ်ကွန်ခမ်း၊ ဒဏ်ရာရှိသူမှာ ဗိုလ် စိုင်းစံ ဖြစ်ကြောင်း၊ နိုင်ငံရေးအရသော်လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း မည်သို့ တုန့်ပြန်မည်ကို ဌာနချုပ် (လွယ်တိုင်းလျဲန်း) နှင့် တိုင်ပင်နေကြောင်း ပြောပါသည်။
ဒီဇင်ဘာ ၂ ရက် ၂၀၁၁ ပဏာမ အဆင့် အပစ်ရပ်ရန် အစိုးရနှင့် သဘောတူညီမှုရပြီးနောက်ပိုင်း တိုက် ပွဲ ပေါင်း အကြိမ် ၃၀ ကျော်ဆက်လက်ဖြစ်ပွားနေရာ အစိုးရဘက်မှ နယ်မြေရှင်းလင်းရေးနှင့် ရန်ရှာမှု ကြောင့် ဖြစ်ပွားခဲ့ရ ကြောင်း RCSS/SSA ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။