RCSS/SSA ၏ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် ကျေးသီးစော်ဘွားမျိုးဆက် ကွယ်လွန်

RCSS/SSA ၏ ဥပဒေအတိုင်ပင်ခံပုဂ္ဂိုလ် ကျေးသီးစော်ဘွားမျိုးဆက် ကွယ်လွန်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/ SSA ၏ ဥပဒေပိုင်းဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကျေးသီးစော်ဘွားမျိုးဆက် စဝ်အွတ်ကျေးဆီး လူကြီးရောဂါဖြင့် တောင်ကြီးမြို့၌ ကွယ်လွန်ပြီဖြစ်ကြောင်း သိရသည်။

“စဝ်အွတ် ကျေးဆီး အသက် ၆၅ နှစ် နိုဝင်ဘာ ၂၁  မနေ့ည ၉ နာရီခွဲ တောင်ကြီးမြို့ ထွန်းဆေးခန်းမှာ ဆုံးတာ။ သက်ကြီးရောဂါနဲ့ပေါ့ဗျာ။ RCSS/ SSA မှာ တာဝန်ထမ်းဆောင်နေဆဲ။ ဒီနေ့ဘဲ တောင်ကြီးမှာ သင်္ဂြိုဟ်တယ်။ ပြီးမှမိသားစုဆီကို အရိုးပြာဘဲပို့မယ်။ တောင်ကြီးမြို့ ပိဋကတ်ကျောင်းတိုက်မှာ ၂၄ ရက်နေ့ကျရင် ဆွမ်းကပ်မယ်” ဟု ကွယ်လွန်သူ၏ တူတော်စပ်သူ ကာတွန်းဟန်လေးက ပြောသည်။

ကွယ်လွန်သူ စဝ်အွတ်ကျေးဆီး

စဝ်အွတ်ကျေးဆီး အသက် ၆၅ နှစ် ခေါ် စဝ်နော်ခမ်းအူသည် RCSS/SSA နှင့် မြန်မာအစိုးရတို့ တတိယ အကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြင်ဆင် ရေးအတွက် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့သို့သွား ရောက် တာဝန်ထမ်းဆောင်နေစဉ် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

၎င်းသည် သျှမ်းပြည်တောင်ပိုင်း ကျေးသီးဟော်နန်းတွင် ၁၉၄၇ ခုနှစ် ဂျူလိုင်လ ၁၉ ရက်က မွေးဖွားခဲ့သည်။ ကျေးသီးစော်ဘွား၏ အိမ်ရှေ့မင်းသား စဝ်စိန် နှင့် နောင်မွန်စော်ဘွားညီမတော် စဝ်ကြည်တို့၏ သားသမီး ၁၁ ဦးအနက် ၈ ယောက်မြောက်သား ဖြစ်သည်။

၎င်း၏ဘကြီးတော်စပ်သူ နောင်မွန်စော်ဘွား ဆာစဝ်ထွန်းရင်သည် မိခင်ဖြစ်သူ စဝ်ကြည်၏အစ်ကို အရင်း ဖြစ်သည်။ ဆာစဝ်ထွန်းရင်သည် ၁၉၄၆ ခုနှစ် ကအင်္ဂလိပ်အစိုးရထံမှ  “Most Excellent Order of the British Empire (MBE)” ဆု ချီးမြင့်ခြင်းခံရသည့် စော်ဘွားတဦးဖြစ်သည်။

ကွယ်လွန်သူနှင့် ဘကြီးတော်စပ်သူ နောင်မွန်စော်ဘွား စဝ်ထွန်းရင်

စဝ်အွတ်ကျေးဆီးသည် တောင်ကြီးမြို့၌ ကျောင်းတက် ပညာသင်ယူစဉ် ဒု သမ္မတဟောင်း သီဟသူရ တင်အောင် မြင့်ဦးနှင့်လည်း  အတန်းဖော်ဖြစ်ခဲ့ဖူးသည်ဟု ဆိုသည်။

ဥပဒေ BA Law (LLB) ဘွဲ့ရ စဝ်အွတ်ကျေးသီးသည် တောင်ကြီးမြို့တွင် ရှေ့နေအလုပ်လုပ်ကာ ခွန်ဆာ၏ မုံးတိုင်းအာမီ MTA လက်နက်မချခင် တနှစ်ခန့်ကပင် တော်လှန်ရေးနယ်သို့ ရောက်ရှိခဲ့သည်။ သျှမ်းပြည်တပ် မတော် RCSS/SSA သို့ ၁၉၉၅ ခုနှစ်က ရောက်ရှိကာ နိုင်ငံခြားဆက်ဆံရေးအဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း မဟာမိတ် ဆက်ဆံရေးအဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း တာဝန်ယူခဲ့ပြီး ကွယ်လွန်ချိန်တွင် ဥပဒေပိုင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန် ထမ်းဆောင်နေသူဖြစ်သည်။

ကွယ်လွန်ချိန်တွင် ဇနီး နန်းမြစိန် နှင့် သားတယောက် သမီးတယောက် ကျန်ရစ်ခဲ့သည်။

Most read this week