သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း ဘုန်းတော်ကြီး ကျောင်းတကျောင်း၌ ဒေသခံများ ကထိန်သင်္ကန်း ဆက်ကပ်နေစဉ် သျှမ်းပြည်တပ်မတော်နှင့် အစိုးရတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ရေစက်မချလိုက် ရဘဲ အလှူပွဲပျက်သွားကြောင်း ဒေသခံများက ပြောသည်။
“သျှမ်းတပ်ဘက်က အလှူပွဲလာတာကို အစိုးရတပ်က ကြိုတိုက်တာ။ သေနတ်သံထွက်တာကဘုန်းကြီးကျောင်း နဲ့နီးနီးလေးရယ်။ ပွဲလန့်ပြီး အလှူပျက်သွားတာပေါ့။ တရားတော်နာတုန်းဘဲ။ ရေစက်တောင်မချ လိုက် ရဘူး” - ဟု ဒေသခံ စိုင်းခမ်းအောင် က ပြောပါသည်။
နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်း၌ ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ အနောက်ဘက် ရ မိုင်ခန့်အကွာ ဝမ့်ခင်းမ်း (ဗမာအခေါ် ချုံး ) ကျေးရွာအုပ်စု အတွင်း ဝမ်းခင်းမ်းရွာ နှင့် ဝမ့်ဟွေ့ရွာအကြားအစိုးရတပ် နှင့် သျှမ်းပြည် တပ်မတော် (တောင်ပိုင်းတပ်ဖွဲ့) တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ဝမ့်ဟွေ့ရွာဘုန်းကြီးကျောင်း နှင့်နီး သောကြောင့် ကထိန်သင်္ဃန်းကပ်လှူပွဲပျက်ခဲ့ရကြောင်း ရပ်ရွာအုပ်ချုပ်ရေး အသိုင်းအဝိုင်းက ပြောသည်။
“အပစ်ရပ်လို့ ကျနော်တို့တွေဝမ်းသာနေတာ။ ထင်ထားတဲ့အတိုင်းဖြစ်မလာဘဲ ပိုပိုဆိုးလာတယ်။ အစိုးရတပ်က ညမထွက်ရ အမိန့်ထုတ်ထားပြန်တယ်။ စပါးရိတ်ချိန် လယ် သွားအိပ်စောင့်ရမှာလေ။ အရမ်းအခက်အခဲ ဖြစ်တယ်။ စပါးသွားရိတ်ဖို့ အသက်နဲ့ရင်းရမလိုဖြစ်နေတယ်။ ကျနော်တို့ လူထုဆိုတာက ဘယ်တပ်ဖွဲ့လာလာကျွေးမွေးရ တာဘဲ။ ရပ်ရွာအနီးအနားမှာ မပစ်ခတ်ဖို့တောင်းပန်ပါတယ်ဗျာ။ ဗမာတပ်ကော သျှမ်းတပ် ကောဘဲ” - ဟု အဆိုပါ ပုဂ္ဂိုလ်ကပြောသည်။
ရပ်ရွာအား ပစ်မှတ်ထားတိုက်ခိုက်မှု၊ တိုက်ပွဲကြောင့်လူ့အခွင့်အရေးချိုးဖေါက်ခံရမှု၊ အပစ်ရပ်ပြီး တိုက်ပွဲဆက်ဖြစ် နေမှုများအား အချက်အလက် စုဆောင်း၍ လူထုအကျိုးအတွက် တစုံတရာစီစဉ်ဆောက်ရွက်နိုင်ရန် မကြာမီ ကျားဖြူပါတီအတွင်း အစည်းအဝေးထိုင် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ကျောက်မဲ အမှတ် ၂ မဲဆန္ဒနယ်ပြည်နယ် လွှတ်တော်အမတ် စိုင်းသန်းမောင်က ပြောသည်။
မိုင်းငေါ့မြို့နယ်ခွဲ နမ့်ဆင် ချောင်းအနောက်ဘက်ပိုင်း၌ သျှမ်းပြည်တပ်မတော် တောင်ပိုင်း RCSS/SSA ကလှုပ်ရှားပြီး မြောက်ပိုင်း SSPP/SSA တပ်ဖွဲ့ကမူ ချောင်းအရှေ့ဘက်ခြမ်း၌ သွားလာလှုပ်ရှားသည်။ အဆိုပါဒေသဘက်တွင် ကျောက်မဲ ခရိုင်အခြေစိုက် မြန်မာအစိုးရတပ် ခြေမြန်တပ်ရင်း ခမရ ၅၀၁၊ ၅၀၂၊ ၅၀၃၊ ခြေလျင်တပ်ရင်း ခလရ ၂၃ အပြင် အောင်လံမှ ခလရ ရ၁၊ မန္တလေးမှ ခလရ ၉၅ တို့ကလှုပ်ရှားကြောင်း၊ နမ့်ဆင်ချောင်းအနောက်ဘက်ခြမ်း၌ တိုက်ပွဲများပိုမိုဖြစ်ပွား နေကြောင်း ဒေသခံများက ပြောသည်။