အမည်မသိလက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှု ဒေသခံတဦးဆေးရုံတင်ရ

အမည်မသိလက်နက်ကိုင်အဖွဲ့ ပစ်ခတ်မှု ဒေသခံတဦးဆေးရုံတင်ရ
by -
Mizzima

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့လူနေ ရပ်ကွက်အတွင်း အမည်မသိလက်နက်ကိုင်အဖွဲ့တခုက လက်နက်မျိုး စုံဖြင့်ပစ်ခတ်သောကြောင့် ဒေသခံ တဦးကျည်ထိမှန်ပြီး ဆေးရုံတင်ထားရကြောင်း ဒေသတွင်း သတင်းရပ်ကွက်က ဆိုသည်။

003

ဝမ့်လုံရပ်ကွက် အတွင်းသို့ နိုဝင်ဘာ ၁၄ ရက် နံနက် ၂ နာရီခန့်မှ စတင် ပစ်ခတ်ခဲ့ပြီး နေအိမ်အချို့ လက်နက်ငယ် ကျည်ဆံ ထိမှန်သည့်အပြင် ဦးတေဇ နှင့် ဒေါ်ရွှေဌေး တို့၏အိမ်အား လက်နက်ကြီးကျည် ထိမှန်သောကြောင့် အပျက်အစီးများကြောင်း သိရသည်။ ထို့အပြင် စိုင်းပေတင်ဆိုသူ၏ ခြေထောက်၌ ကျည်ဆံထိမှန်သောကြောင့် ကျောက်မဲဆေးရုံသို့ပို့ဆောင်ကုသ နေရကြောင်း မိုင်းငေါ့ရွာသားတဦးက ပြောသည်။

“လူ ၅ ယောက် လောက်ရှိတယ်။ ပြီးခဲ့တဲ့အပတ်က လာပစ်တုန်းက လက်နက်ကြီးတွေဘဲ။ အခုလဲ လက်နက်ကြီး လက်နက် ငယ်တွေနဲ့ ပစ်တယ်။  ၄-၅ အိမ်လောက်ထိမှန်တယ်။ အပျက်အစီးများတာတော့ တအိမ်တည်း။ ဒဏ်ရာ ရတာ တယောက် ဒီမနက်ဘဲ ကျောက်မဲ ဆေးရုံကို ပို့လိုက်ပြီ” - ဟု မိုင်းငေါ့ဒေသခံ အိုက်ကမ် က ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ကျောက်မဲမြို့ ကျားဖြူပါတီ ဥက္ကဌ စိုင်းခမ်းကျော်က “ကျနော်လဲ အခုလေးတင်ဘဲကြားရတယ်။ အခုကျနော်တို့ ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ စိုင်းသန်းမောင်အဖွဲ့ သွားကြည့် နေတယ်”  ဟု ပြောသည်။

အလားတူ မိုင်းငေါ့ကျေးရွာအတွင်း ယခုလ (၉) ရက်နေ့ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ယင်းဒေသတဝိုက်တွင် အစိုးရ တပ်ဖွဲ့ဝင်များနှင့် ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေး ပါတီ SSA/ SSPP တပ်ဖွဲ့ဝင်များအကြား မကြာခန ဆိုသလို တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ SSA/ SSPP ဒုအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူးက “ ကျနော်တို့တပ်နဲ့ အစိုးရတပ် အဲဒီဒေသဘက်မှာ တိုက်ပွဲ မကြာခဏဖြစ်တာကမှန်တယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ လူနေရပ်ကွက်ရပ်ရွာ အတွင်း တကူးတက ပစ်ခတ်တာ တခါမှ မရှိဖူးဘူး။ အဲလို ဖြစ်လာတဲ့ အခါတိုင်း အစိုးရက တိုင်းရင်းသားတပ်ဖွဲ့ တွေကိုဘဲ ပုံချတယ်။ ကျနော်တို့က လူထုကို ဘာဖြစ်လို့ လုပ်မှာလဲ” ဟု ပြောဆိုသည်။

မိုင်းငေါ့ဒေသတဝိုက်တွင် အစိုးရနှင့် SSA/ SSPP တပ်ဖွဲ့ဝင်များ ယခုလ အတွင်း တိုက်ပွဲဖြစ်ပွားနေကြောင်းနှင့် အစိုးရတပ်က အင်အားတိုးချဲ့လို၍ ဖန်တည်းဖြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ လောလောဆယ် ယင်းဒေသတွင် အစိုးရ အခြေစိုက် စခန်း မရှိဘဲ ရဲစခန်း တခုသာရှိကြောင်း သိရသည်။

Most read this week