အခွန်မဲ့ တရုတ်ပစ္စည်း အဆင့် ၃ ဆင့် စီမံချက်ချ နှိမ်နင်း

အခွန်မဲ့ တရုတ်ပစ္စည်း အဆင့် ၃ ဆင့် စီမံချက်ချ နှိမ်နင်း
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်း တစ်ခုဖြစ်သည့် မူစယ် - မန္တလေးလမ်းမှတဆင့် ပြည်တွင်းသို့ အခွန်မဆောင်ဘဲ တင်သွင်းနေသည့် တရုတ်ကုန်ပစ္စည်းများကို အဆင့် ၃ ဆင့် ချမှတ်၍ နှိမ်နင်း နေကြောင်း ကုန်သည် အ သိုင်းအဝိုင်း အဆိုအရသိရသည်။

မူစယ် - မန္တလေးလမ်းမှ တရုတ်ကုန်ပစ္စည်းတင်ကားကြီး
ပထမအဆင့်အနေဖြင့် သတိပေးခြင်းကို အောက်တိုဘာလအတွင်းက ဆောင်ရွက်ခဲ့ပြီး ယခုလဆန်းပိုင်းမှ စ၍ သတ်မှတ် အခွန်ထက် ၃ ဆ ပိုဆောင်ခိုင်းသည့် ဒုတိယအဆင့် အရေးယူမှု စတင်နေကြောင်း သိရသည်။

လာမည့် ဒီဇင်ဘာလဆန်းပိုင်းတွင် နောက်ဆုံးအဆင့် စတင်မည်ဖြစ်ပြီး ၄င်းအဆင့်တွင် ကုန်ပစ္စည်း၊ သယ်ယူသည့်ယာဉ် နှင့် ပစ္စည်းပိုင်ရှင်အား ဖမ်းဆီးအရေးယူမည်ဟု ဆိုသည် ။

“ကာစတန် ၊ နကသ စတဲ့ ၀န်ထမ်းစုံပါတဲ့  မိုဘိုင်းအဖွဲ့ဖွဲ့ထားတယ်။ ဒီအဖွဲ့ကို ၅ ရက်တစ်ကြိမ်ချိန်းတယ်။ အခု ဒီအဖွဲ့ ဖမ်းမိ တဲ့ ပစ္စည်းတွေကို မူစယ် - ကျယ်ဂေါင် မန်ဝိန်းပေါက်က ကုန်သွယ်လယ်ယာ ဂိုဒေါင်မှာ လာချခိုင်းတယ်။ ပစ္စည်းတစ်ခုကို ဂျူတီစျေးက ငွေတစ်သောင်း ပေါက် တယ်ဆိုရင် ၃ သောင်းအထိ တောင်း နေတာပေါ့ ” ဟု အမည်မဖေါ်လိုသူ ကုန်သည် တစ်ဦးက ဆိုသည်။

လက်ရှိ အခြေအနေအရ တရုတ်မြန်မာ နယ်စပ် ဂိတ်တခုဖြစ်သည့် မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေးရေးဂိတ်မှ တရားဝင်လွှတ် ပေးသည့် ပစ္စည်းများပါ အရေးယူခံ နေရကြောင်း သိရသည်။

“၁၀၅ မိုင်ဂိတ်ကနေလွှတ်လိုက်ရင် မန္တလေးအဝင် ၁၆ မိုင်အထိ သူတို့စစ်ချင်တဲ့နေရာမှာ စစ်မှာပဲ။ တွေ့တဲ့ နေရာကနေ မူစယ်အထိ ကားပြန် လှည့်ရမယ်။ လောလောဆယ်တော့ နမ့်ဖတ်ကာကနေ ပြန်လှည့်ရတဲ့ ကားတွေတော့ရှိတယ်။ ၁၀၅ မိုင် ကနေတရားဝင်လွှတ်ပေးတဲ့ပစ္စည်း တွေကိုပါ အရေးယူနေတာ ” - ဟု သူက ဆိုသည်။

အမည်မဖော်လိုသည့် အခြားကုန်သည်တစ်ဦးကလည်း အဆိုပါ အရေးယူမှုကြောင့် ကုန်သည်ငယ်များ၊ တစ်နိုင်တစ်ပိုင် လုပ်ကိုင် စားသောက်သူများနှင့် လက်လုပ်လက်စား ကယ်ရီ သမားများထိ ခိုက်နစ်နာနေကြောင်း ပြောသည်။

“အရောင်းအဝယ် အေးသွားတယ်။ ပစ္စည်းကဲ့ပေးတဲ့သူတွေ အလုပ်လက်မဲ့ဖြစ်သွားတယ်။ လက်လုပ် လက်စား တွေ ဒုက္ခ ရောက်နေတယ်။ နောက်ငွေ ၁၀ သိန်းလောက်ပိုက်ပြီး လာတဲ့ ကုန်သည်လေးတွေ အရမ်းခက် သွားတယ်။ ဂျူတီခွဲတဲ့ စရိတ် သိပ်ကြီးတယ်။ ပစ္စည်းနည်းနည်း များများ ဂျူတီတန်ဖိုးကအတူတူပဲ။ ကုန်သည်ငယ်လေးတွေနဲ့ တစ်နိုင်တစ်ပိုး သမားတွေ ကျတော့ ဒီငွေနဲ့ဘယ်လိုဂျူတီဆောင်မလဲ။ ကုန် သည်ကြီးတွေနဲ့ ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး ” ဟု ဆိုသည် ။

ထို့အပြင် “အခုကိစ္စမှာ ထင်သာမြင်သာမရှိတာတွေ အများကြီးရှိတယ် ဆိုလိုတာက ပွင့်ပွင့်လင်းလင်းဗျာ။ ပစ္စည်းတစ်ခု ဂျူတီဆောင်လို့ ရ၊ မရ အများ သိအောင် လုပ်ပေးရမယ်။ အဲလိုလုပ်ထားပြီးမှ ကားပေါ်တင်မဲ့ပစ္စည်း ချက်ခြင်း ဂျူတီ ဆောင်ခိုင်း။ ဒါအ ကောင်းဆုံးနည်းပေါ့ဗျာ” - ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိဂျူတီခွန်ဆောင်ခိုင်းရာတွင် အော်တိုဂျူတီမှာ ၃ ရက်ခန့် ကြာပြီး ကြေးနန်းဂျူတီမှာ ရ ရက် တစ်ပတ် အနည်းဆုံး ကြာမြင့်ကြောင်း လည်း သိရသည်။