ရွှေလီမြစ်ဝှမ်းဒေသတွင် RCSS/SSA မှ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း စတင်လုပ်ဆောင်

ရွှေလီမြစ်ဝှမ်းဒေသတွင် RCSS/SSA မှ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်း စတင်လုပ်ဆောင်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်၊ နောင်တောတွင် အခြေစိုက်သော RCSS/SSA အမှတ် ရဝ၁ စစ်ဒေသ က အောက်တိုဘာလ ၃၀ ရက်နေ့မှစ၍  နမ့်ခမ်းမြို့တဘက်ကမ်းရှိကျေးရွာများတွင် မူးယစ်ရောင်းဝယ်သူနှင့် သုံးစွဲသူများ အား ဖမ်းဆီးနေကြောင်းသတင်းရရှိသည်။

IMG_0421
“တရက်ထဲပဲ နောင််မွန်း နဲ့တာစန့်ကျေရွာကို ၀င်ဖမ်းတာ လူပေါင်း ၃၆ ယောက် မိတယ်၊ အဲဒီအထဲမှာ ရှမ်း က ၈ လောက်ပါတယ်၊ ကျန်တဲ့သူတွေကတရုတ်နိုင်ငံသားတွေဖြစ်တယ်၊ ဖမ်းမိတဲ့သူကိုတော့ RCSS/SSA အုပ်ချုပ်ရေးပိုင်း ဆုံးဖြတ်ချက်နဲ့ အပြစ်ပေးမယ်၊ သူတို့ ဆီမှာမိတာတွေတော့ ရာဘ (စိတ်ကြွဆေး)နဲ့ ဘိန်းဖြူတွေဖြစ်တယ်”ဟု သျှမ်းပြည်တပ်မတော် RCSS/SSA လက်အောက်ခံ အမှတ် ရဝ၁ စစ်ဒေသ အသိုင်းအဝိုင်း ကပြောသည်။

မူးယစ်ဆေးဝါးရောင်းဝယ်သူ နှင့် ပတ်သက်သူများထံမှ ဘိန်းဖြူ (ပင်နယ်စလင်ပုလင်း) ၁၆ ပုလင်း၊ ယာဘ (စိတ်ကြွ ဆေး) WY တံဆိပ် ၂၀၂ ပြား၊ မြန်မာကျပ်ငွေသိန်း ၂၀ ကျော်ညီမျှသော တရုတ်ယွမ်ငွေ ၂ သောင်း ကျော် နှင့် ဆိုင်ကယ် ၂၄ စီးအားသိမ်းဆည်းရမိကြောင်း၊ ဖမ်းဆီးထားသူများအား မူစယ်ခရိုင် ဆင်တိုက်ကျေးရွာရှိ ဆေးဖြတ်စခန်း၌ ထိန်းသိမ်းထားကြောင်း ၄င်းက ဆက်ပြောသည်။

“ခုနမ့်ခမ်းမြို့ထဲမှာလဲ မူးယစ်ဆေးအရမ်းပေါများနေတယ်။ ရပ်ကွက်တိုင်းလိုလို မှာသုံးစွဲသူ နဲ့ ရောင်းဝယ် ဖောက်ကား သူရှိတယ်၊ ယာဘ စိတ်ကြွဆေးကို လူငယ်တွေက ပိန်ဆေးအဖြစ်အသုံးပြုနေတာတွေ့ရတယ်၊ ယာဘစိတ်ကြွ ဆေး စွဲပြီး ဆေးကြောင်တဲ့သူလဲရှိတယ်၊ ဆေးကြောင်လာရင်တော့ လမ်းမှာတွေ့သမျှ ကျောက်ခဲကောက်ပြီး တညလုံး မအိပ်ပဲ ကျောက်စိမ်းတုံးလို့မှတ်ပြီးသွေးနေတဲ့သူလဲရှိသေးတယ်” - ဟု နမ့်ခမ်းမြို့ဒေသခံလူငယ်စိုင်းခမ်း က ပြောသည်။
IMG_0429
ဤဖမ်းဆီးမူသည် ပထမဆုံးအကြိမ်ဖြစ်သောကြောင့် တုန့်ပြန်မှုအား စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ နယ်စပ်ရှိ မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းပြီးစီးပါက နမ့်ခမ်းမြို့တွင်းရှိ မူးယစ်ဆေးဝါးနှင့် ပတ်သက်ဆက်နွှယ်သူများအား ထပ်မံရှင်း လင်းရန်အစီအစဉ်ရှိကြောင်း သျှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဟုလူသိများသော RCSS/SSA လက်အောက်ခံ အမှတ် ရဝ၁ စစ်ဒေသ အသိုင်းအဝိုင်းထံက သိရသည်။

UNODC ၏ နှစ်ပတ်လည်အစီရင်ခံစာတွင် အာဖဂန်နစ္စတန်ပြီးလျှင် ကမ္ဘာမှာ မြန်မာကဘိန်းစိုက်ပျိုးမှု ဒုတိယ အများ ဆုံး ဖြစ်သည်ဟုဆိုသည်။

Most read this week