သျှမ်းတော်လှန်ရေးသမိုင်းဝင် မိုင်းလားတပ်ဖွဲ့ ဒုဉက္ကဌ ကွယ်လွန်

သျှမ်းတော်လှန်ရေးသမိုင်းဝင် မိုင်းလားတပ်ဖွဲ့ ဒုဉက္ကဌ ကွယ်လွန်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တော်လှန်ရေး၌ တောက်လျှောက်ပါဝင်သည့် တော်လှန်ရေးသမိုင်းဝင် မိုင်းလားတပ်ဖွဲ့ ဒုဥက္ကဌ စဝ်ခွန်မြင့် အသက် ၈၆ နှစ်သည် ယမန်နေ့ ညနေပိုင်း က သက်ကြီးရောဂါဖြင့် မိုင်းလား မြို့နေအိမ်၌ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်းသိရသည်။

ကွယ်လွန်သူ စဝ်ခွန်မြင့် အသက် ၈၆ နှစ်

သျှမ်းပြည်တော်လှန်ရေးစတင်ကတည်းက ယနေ့အထိ ခေတ်အဆက်ဆက် ပါဝင်လှုပ်ရှားလာခဲ့သောအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် NDAA  မိုင်းလားတပ်ဖွဲ့၏အကြီးအကဲတဦးဖြစ်သည့် စဝ်ခွန်မြင့်သည် အဆုပ်ရောဂါ သက်ကြီးရောဂါတို့ဖြင့် မိုင်းလား မြို့ရှိ ၎င်းနေအိမ်တွင် အောက်တိုဘာ လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၄၈ မိနစ်က ကွယ်လွန်ခြင်းဖြစ်ပြီး ကျန်ရှိရုပ် အလောင်းအား ယခုလ ၅  ရက် နေ့တွင် သင်္ဂြိုဟ်မည်ဖြစ် ကြောင်း  မိုင်းလားတပ်ဖွဲ့သတင်း ရပ်ကွက် က ဆိုပါသည်။

“စဝ်ခွန်မြင့်ဟာအခုလက်ရှိ ကျနော်တို့ NDAA  ရဲ့ အတိုင်ပင်ခံလည်းဟုတ်တယ်၊ ဒု - ဥက္ကဌရာထူး တာဝန်လဲ ထမ်းဆောင်တယ်။ သာသနာရေးပိုင်းဆိုင်ရာလဲ သူဘဲ။ သူက သျှမ်းပြည် တော်လှန် ရေးစတင်တဲ့ နွံစစ်ဟန် တပ်ဖွဲ့ လက်ထက် ကတည်းက တော်လှန်ရေးနယ်ထဲဝင်ရောက် တာဝန်ထမ်း ခဲ့တဲ့ သက်တမ်းအရင့်ဆုံး ပုဂ္ဂိုလ်တဦးဖြစ်တယ်လို့လဲဆိုနိုင်ပါတယ်။ မိုင်းလားတပ်ဖွဲ့ထဲမှာလဲ အသက် အကြီးဆုံး ပုဂ္ဂိုလ်တဦးပေါ့” - ဟု တပ်ဖွဲ့ ဝင်တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

စဝ်ခွန်မြင့်သည် ကွန်မြူနစ်ပါတီ၏ ပြည်သူ့တပ်မတော်တွင် ပါဝင်ခဲ့သော်လည်း လက်ျာဝါဒီ ယုံကြည်သူတဦးဖြစ် သည်ဟု ဆို၏။ သျှမ်းပြည်နိုင်ငံရေး စစ်ရေးဘက်၌ ထူးချွန်သူတဦးဖြစ်ပြီး နောက်လိုက် တပည့် တပမ်းများ၏ ချစ်ခင် ယုံကြည်လေးစားမှုကိုလည်း ခံယူရသူတဦး ဖြစ်သည်။

စဝ်ခွန်မြင့်သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မုံးစယ့် မြို့နယ်ဇာတိဖြစ်ပြီး ဖခင်မှာ ယန်ကွမ်းထို  မိခင်မှာ နန်းကောင်ခမ်းဖြစ်သည်။ မွေးချင်း ၄ ယောက် (ကျား ၂ မ ၂ ) အနက် ဒုတိယသားကြီးဖြစ်သည်။ ၁၉၂၆ တွင်မွေးဖွားရာ အသက် ၅ နှစ် အရွယ် သျှမ်းပြည် အရှေ့ ပိုင်း မိုင်းယန်းမြို့နယ် ဝမ့်ဟော့တိုက်ရွာသို့ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ ကွယ်လွန် ချိန်အထိ သျှမ်းပြည်တွင်း၌ပင် နေထိုင်ခဲ့သည်။

၁၉၆၁ ခုနှစ်တွင် စဝ်ငါးခမ်း ဦးဆောင်သော သျှမ်းအမျိုးသား တပ်မတော် SNA တပ်ဖွဲ့၌ ဝင်ရောက်အမှုထမ်းခဲ့ သည်။ ထိုစဉ်က SNA ဌာနချုပ်ရုံးမှာ ထိုင်းနိုင်ငံ ချင်းရိုင်းခရိုင် မယ့်ဆိုင်မြို့ရှိ ဝမ့်ဟွေ့နမ့်ပုံတွင် တည်ရှိသည်ဟု ဆိုပါသည်။

၁၉၇၁ ခုနှစ် စဝ်ငါးခမ်း ကွယ်လွန်ပြီးနောက် SNA အား SSA နှင့်ပေါင်းစည်းကာ သျှမ်းပြည်တပ်မတော် (အရှေ့ပိုင်း) SSA-E ဟူ၍ အမည်တွင်ခဲ့သည်။ ထိုစဉ်က စဝ်ခွန်မြင့်သည် တပ်ရင်းအမှတ် ၃ ၏ တပ်ရင်းမှူးဖြစ် ခဲ့သည်။  ၁၉၇၄ တွင် SSA-E မှ SPLA သျှမ်းပြည်သူ့လွတ်မြောက်ရေး တပ်မတော်ကိုဖွဲ့စည်းကာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) CPB နှင့်မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၇၆ တွင် ဗကပ နှင့်ပူးပေါင်းခဲ့ရာ စဝ်ခွန်ဆာ၊ ခွန်လောင်ခမ်း ၊ စဝ်ခွန်မြင့် ကဲ့သို့ ခေါင်းဆောင်များ ပါသွားသဖြင့် ဗကပ အောက်၌ တပ်မဟာ ရ၆၈ ကို တည်ထောင်ခဲ့သည်။ ယခုအချိန် အဆိုပါတပ်မဟာမှာ တပ်မဟာ ၃၆၉ အမည်ဖြင့် ဆီလူး၌ အခြေစိုက်နေဆဲဲဖြစ် သည်။ စဝ်ခွန်မြင့်မှာလည်း အဆိုပါတပ်မဟာမှ အုပ်ချုပ်ရေးအပိုင်း၌ တာဝန်ယူခဲ့သည်။

စဝ်ခွန်မြင့်သည် ကွယ်လွန်ချိန်အထိ မိုင်းလားမြို့ မန့်တုန့်သူ ဇနီး နန်းခမ်းလျဲန်းနှင့်နေထိုင်သည်။ ၎င်း၏ သားသမီး ၁၆ ဦးအနက် တဦးဖြစ်သည့် စိုင်းယီ့မှာ မိုင်းလားတပ်ဖွဲ့အတွင်း ရဲတပ်ဖွဲ့ခေါင်းဆောင် အဖြစ်တာဝန် ထမ်းရွက်နေပါသည်။