အစိုးရနှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း ခေါ် သျှမ်းပြည်ပြန်လည်ထူးထောင်ရေး ကောင်စီ RCSS/ SSA တို့ ပြုလုပ်ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည်သူလူထု သဘောထား သိရှိနိုင်ရန် SSA(S) လက်အောက်ခံ အမှတ် ရ၀၁ စစ်ဒေသအတွင်း ဒေသခံလူထုအား ဖိတ်ကြား၍ ဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အမှတ် ရဝ၁ စစ်ဒေသ အခြေစိုက်ရာ သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟျိုး(မန့်ဟီးရိုး မြို့နယ်ခွဲ အတွင်းရှိ နောင်မ ကျေးရွာ၌ အောက်တိုဘာလ (၂၈) ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။
၄င်းဆွေးနွေးပွဲသို့ နမ့်ခမ်းမြို့နယ် အပါအဝင် မိုင်းဝီးနှင့် မန့်ဟျိုးမြို့နယ်ခွဲများ အတွင်းရှိ ကျေးရွာဥက္ကဋ္ဌများ ၊ သံဃာတော်များ ရာချီ တက်ရောက်ခဲ့ပြီး အမှတ် ရ၀၁ တပ်ရင်းမှ အရာရှိများနှင့် မွန်းလွဲ ၁ နာရီခန့်မှ ညနေပိုင်းအထိ ၅ နာရီကြာခန့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေသခံ သျှမ်းတပ်မှူး အသိုင်းအဝိုင်းက သျှမ်းသံတော် ဆင့်သို့ ပြောသည်။
“ငြိမ်းချမ်းရေးကိစ္စ မူးယစ်ဆေးဝါးကိစ္စတွေနဲ့ပတ်သက်လို့ ဒေသခံပြည်သူလူထုကို ဖိတ်ခေါ်ပြီး အစည်းအဝေး လုပ် တာပေါ့နော်၊ တစ်ရွာကို အနည်းဆုံး ၂ ယောက်ဖိတ်ကြားပါတယ်၊ သံဃာတော်တွေ ကိုလည်းဖိတ်တယ် အားလုံးဆို ရာချီပြီး တက်ရောက်ပါတယ်” - ဟု အမှတ် ရဝ၁ တပ်ရင်းအသိုင်းအဝိုင်းက ပြောသည်။
ငြိမ်းချမ်းရေးကိစ္စ အပေါ် ဒေသခံများ၏ သဘောထားအမြင်များ တင်ပြခဲ့ပြီး အထူးသဖြင့် ဒေသတွင်း မူးယစ် ဆေးဝါး ထူပြောနေခြင်း၊ အခွန်ငွေကောက်ခံခြင်းကိစ္စများနှင့် ပတ်သက်၍လည်း အကျယ်တဝင့် ဆွေးနွေး တင်ပြကြကြောင်း သိရသည်။
၄င်းဆွေးနွေးပွဲ အပြီး နောက်တစ်နေ့တွင် အမှတ် ရဝ၁ စစ်ဒေသ မှ မန့်ဟျိုးမြို့နယ်ခွဲအတွင်းရှိ တာကြန့် ကျေးရွာ၌ မူးယစ် ဆေးဝါး ဖမ်းဆီးနှိမ်နင်းမှု ပြုလုပ်ခဲ့ရာ ၄င်းရွာ၌ မူးယစ်ဆေးသုံးစွဲ ရောင်းဝယ် ဖေါက်ကားသူ ၁၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့ ကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် မရသေးပါ။