နှစ်ဘက် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရန် KIO နှင့်အစိုးရ သဘောတူ

နှစ်ဘက် အမြန်ဆုံး နိုင်ငံရေးဆွေးနွေးရန် KIO နှင့်အစိုးရ သဘောတူ
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကျင်းချိန် (Jin Cheng) ဟော်တည်၌ ယနေ့နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီခန့်အထိ နှစ်ဘက်တွေ့ဆုံဆွေးနွေးပြီးနောက် နိုင်ငံရေးအရ ဆက်လက် ဆွေးနွေးမှုတွေ အမြန်ဆုံး ပြုလုပ်သွားဖို့ သဘောတူညီခဲ့သည်။

KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲ
နှစ်ဘက်ကိုယ်စားလှယ်များ နံနက် ၉ နာရီမှ နေ့လည် ၁၁ ခွဲခန့်အထိ ပထမပိုင်းတစ်ကြိမ်နှင့် မွန်းလွဲ ၁ နာရီခွဲခန့်မှ မွန်းလွဲ ၂ နာရီခန့် အထိ နှစ်ကြိမ် တွေ့ဆုံခဲ့သည်။ ဆွေးနွေးပွဲပြီးသည့်နောက် ယင်းအခြေအနေများအား နှစ်ဘက် ကိုယ်စားလှယ်များက သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံရေးဆွေးနွေးဖို့အတွက် အခိုင်အမာပဲ ဦးအောင်မင်းအနေနဲ့ သဘောတူလိုက်ပါတယ်။ နောက်တွေ့တဲ့ အခါ အမြန်ဆုံး တွေ့နိုင်ဖို့လည်း ကျနော်တို့ကြိုးစားသွားမယ် ” ဟု KIO ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးဂျီးနောင်က ပြောသည်။

အစိုးရကိုယ်စားလှယ်ခေါင်းဆောင် ဦးအောင်မင်းကလည်း “နိုင််ငံရေးဆွေးဆွေးပွဲဆက်လုပ်ဖို့ သဘောတူညီ ချက်က အဓိက အချက်ပါပဲ။ ကျနော်တို့တောင်းဆိုတာတော့ ပြည်တွင်းမှာလုပ်မယ် တစ်လအတွင်းမှာ လုပ်မယ် နိုင်ငံရေး ဆွေးနွေးပွဲ လုပ်တာနဲ့ စစ်ရေးအရှိန်ကလည်း လျှော့သွားမှာပေါ့။ မတွေ့ရင်သာ နားလည်မှုလွဲပြီး ဒီလိုဖြစ်တာကိုး။ မကြာမကြာ တွေ့ပြီ ဆိုရင်တော့ အလိုလိုလျှော့သွားမှာပေါ့ ” ဟု ဆိုသည်။

ယခင်ဆွေးနွေးပွဲများ ပြုလုပ်စဉ်က ပြဿနာဖြစ်ပွားနိုင်သည့် ဒေသများ၌ နှစ်ဘက် တပ်များ ရုပ်သိမ်းရေး ကိစ္စကို  KIO ဘက်မှ အစိုးရဘက်သို့ တင်ပြထားပြီး ယနေ့ဆွေးနွေးပွဲတွင် အဓိကထားဆွေးနွေးမည်ဟု ခန့်မှန်း ပြောဆိုမှုရှိ သော်လည်း စစ်ရေးဆိုင်ရာကိစ္စများ ဆွေးနွေးနိုင်ခြင်း မရှိပေ။

အစိုးရဘက်မှ ဦးအောင်မင်းဦးဆောင်သည့် အဖွဲ့ဝင် (၁၀) ဦးခန့် ပါအဖွဲ့နှင့် ကေအိုင်အို အဆင့်မြင့်ဗဟိုကော်မတ ီဝင် ဦးဆွန်လွတ်ဂမ် ဦးဆောင်သည့် (၇) ဦးပါ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာတွင် အရေးပါသည့် နှစ်ဘက် စစ်ဘက်ခေါင်းဆောင်များ တက်ရောက်ခြင်း မရှိသည့် အပေါ် ဦးဂျီးနောင်က ယခုလို ပြောသည်။

“ပထမတော့ အစိုးရဘက်က ကစထမှူး ဒုဗိုလ်ချုပ်ကြီး မြင့်စိုးတက်မယ်လို့ ပြောတယ်။ ကျနော်တို့ဘက်က ဗိုလ်ချုပ် ဂွမ်မော်လာ မတက်နိုင်တဲ့ အတွက် ကစထမှူးလည်း လာမတက်ဘူး။ သျှမ်းပြည် (မြောက်ပိုင်း) မှာ ရှိတဲ့ ကျနော်တို့ရဲ့ တပ်ရင်း ၉ ကို မနေ့ကနေ ဒီကနေ့အထိ သျှမ်းပြည်မှာရှိတဲ့ အစိုးရတပ်တွေကတိုက်နေပါတယ်။ ဒါကြောင့် သူဒီ အစည်း အဝေးကို လာမတက်နိုင်တာပါ ” ဟု ဆိုသည် ။

နိုင်ငံရေးပြဿနာမဖြေရှင်းပဲ  ယာယီ အပစ်အခတ်ရပ်ထားခြင်းမှာ နှစ်ဘက်တပ်များ အင်အားတိုးချဲ့ပြင်ဆင်မှုရရန် အချိန် ယူရုံမျှသာ ဖြစ်ပြီး နိုင်ငံရေးအရ အကျိုးမရှိကြောင်း KIO ကိုယ်စားလှယ် ဦးဂျီးနောင်က သုံးသပ်ပြောဆိုသည်။

လက်ရှိအခြေအနေတွင်လည်း KIO ဋ္ဌာနချုပ်လိုင်ဇာအနီးတွင် အစိုးရနှင့်ကေအိုင်အိုတပ်များ လက်နက်ကြီးများဖြင့် အပြန် အလှန်ပစ်ခတ်နေကြောင်း သိရသည်။