UNODC ပါ၀င်သည့် RCSS နှင့် မြန်မာအစိုးရတို့ မူးယစ်တိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲ ဆုံးဖြတ်ချက်မချနိုင်သေး

UNODC ပါ၀င်သည့် RCSS နှင့် မြန်မာအစိုးရတို့ မူးယစ်တိုက်ဖျက်ရေးဆိုင်ရာဆွေးနွေးပွဲ ဆုံးဖြတ်ချက်မချနိုင်သေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့၌ ယနေ့ကျင်းပ သည့် မြန်မာအစိုးရ နှင့် RCSS တို့၏ တရားမဝင် မူးယစ် တိုက်ဖျက် ရေးဆိုင်ရာဆွေးနွေးပွဲသို့ UNODC တက်ရောက်သော်လည်း ဆုံးဖြတ်ချက်မချနိုင်သေး ကြောင်း သျှမ်းပြည်တပ်မတော် ဘက်ကပြောပါသည်။

“ပြည်ထောင်စုအဆင့်ဆွေးနွေးရေး ကိုယ်စားလှယ်တွေက အရင်တုန်းကဆွေးနွေးခဲ့တဲ့ ပုဂ္ဂိုလ်တွေဘဲ။ ဆွေးနွေးပွဲ ကတော့ တရားမဝင်မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်ရေး ကိစ္စ အဓိကဘဲ။ တခြား လုပ်ငန်းစဉ် တွေတော့ပြဿနာ မရှိဘူး။  UNODC နဲ့အတူ ကျနော်တို့နှစ်ဦး နှစ်ဘက်အင်အား တန်းတူညီတူ ပါဝင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပူးပေါင်းတိုက်ဖျက်ရေးတပ်ဖွဲ့ ဖွဲ့ဖို့ အစိုးရဘက်က ဆုံးဖျက်ချက် မချနိုင်ဘူး၊ မနက်ဖြန်ထပ်ဆွေး နွေးရမယ်” – ဟု RCSS/SSA ပြောခွင့်ဗိုလ်မှူးလောဝ်ဆိုင် ကပြောပါသည်။
ဗိုလ်မှူးချုပ် ပေါင်ခေး
အဆိုပါဆွေးနွေးပွဲ၌ မြန်မာအစိုးရ ကိုယ်စားလှယ်က ‘မြန်မာအစိုးရသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစီမံ ကိန်းချထား၍ လက်တွေ့အကောင်အထည်ဖေါ်နေပြီးဖြစ်ကြောင်း၊ လက်တွဲ လုပ် ဆောင်ရန်လည်းအသင့် ရှိကြောင်း၊ အဓိကအားဖြင့် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် သွေဖီခြင်းမရှိက အားလုံးလုပ်ဆောင်နိုင် ကြောင်း ရဲမှူးကြီးမြင့်အောင်က ပြောကြားသည်ဟုဆို၏။

သို့သော် သျှမ်းပြည်တပ်မတော်အနေဖြင့် မည်မျှအတိုင်းအတာ မည်သည့်နည်းမည်သည့်ဟန်ဖြင့် လက်တွဲလုပ်ဆောင် သွားရမည်ကို ရှင်းရှင်းလင်းသိိရှိလို ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂ မူးယစ်နှင့် ရာဇဝတ်မှုဆိုင်ရာနိုင်နှင်းရေးအဖွဲ့ UNODC ကလည်း ကမ္ဘာတလွှားတွေ့ကြုံလာသည့် အတွေ့အကြုံများ အားရှင်းပြကြောင်း၊ မြန်မာအစိုးရ ကိုယ်စားလှယ်အနေ ဖြင့် အထက်ကိုပြန်လည်တင်ပြရန်ရှိနေသေး သည့်အတွက်ကြောင့် ဆုံးဖြတ်ချက်မချနိုင်သေးခြင်းဖြစ် ကြောင်း ဗိုလ်မှူးလောဝ်ဆိုင်က ပြောပါသည်။

သျှမ်းပြည်တောင်ပိုင်း မိုင်းပန်၊ မိုးနဲ နှင့် ကွန်ဟိန်းမြို့နယ်အား ဘိန်းစိုက်ပျိုးမှု ကင်းမဲ့ဇုံအဖြစ်စမ်းသပ်အကောင် အထည် ဖော်သွားမည့် သျှမ်းပြည်တပ်မတော် RCSS/SSA ၏အစီအစဉ်ကိုလည်း နေပြည်တော်အစိုးရကသာ အဆုံးအဖြတ် ပေးနိုင်သည်ဟု ရဲမှူးကြီးက ဖြေကြားထားကြောင်းဆိုပါသည်။

ယနေ့ မနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ ကျင်းပသည့် ‘တရားမဝင်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေပွဲ’ သို့ မြန်မာအစိုးရ မူးယစ်ဗဟို ရဲတပ် ဖွဲ့ ရဲမှူးကြီးမြင့်အောင် ဦးဆောင်သောဖွဲ့ (၁၃) ဦး၊ သျှမ်းပြည်တပ်မတော် ဘက်တွင် ဗိုလ်မှူးချုပ် ပေါင်ခေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ (၁၃) ဦး နှင့် UNODC ကိုယ်စားလှယ် မစ္စတာ ဂျက်ဆင် အီလက် တို့အဖွဲ့ (၅) ဦး တက်ရောက်ကြသည်ဟုဆိုသည်။

တာချီလိတ်မြို့ အောင်မြတ်ခန်းမတွင်ပြုလုပ်သော အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ (ကျိုင်းတုံမြို့ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်တွေ့ဆုံပွဲကဲ့သို့)  နိုင်ငံခြားသား သတင်းထောက်များအားဝင်ရောက် သတင်းယူခွင့်မပေး၊ တာချီလိတ်- မယ်ဆိုင်နယ်ခြားဂိတ်မှ ပိတ်ပင်သဖြင့်နိုင်ငံခြားသတင်းထောက် များ လာရောက်သတင်းယူနိုင်ခြင်းမရှိဟုလည်းသိရပါသည်။

Most read this week