မြို့ပြစီမံကိန်းအတွက် မြေနေရာ လျော်ကြေး ညှိနှိုင်း၍ မရသေး

မြို့ပြစီမံကိန်းအတွက် မြေနေရာ လျော်ကြေး ညှိနှိုင်း၍ မရသေး
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မူစယ်မြို့နယ် ရွှေလီမြစ်အတွင်းရှိ ကျွန်းများပေါ်၌ မြို့ပြစီမံကိန်း ဆောက်လုပ်ရန် မြေသိမ်း ယူရာတွင် မြေဈေးနှုန်းအတွက် အငြင်းပွားနေဆဲဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရသိရှိရ ပါသည်။

မြေဈေးနှုန်း သတ်မှတ်ရန် ဆွေးနွေးနေစဉ်

“ကုမ္ပဏီနဲ့ဒေသခံတွေ မနေ့က(စက်တင်ဘာ ၂၂ ရက်) စည်းဝေးပြီး ဈေးနှုန်း သတ်မှတ်ကြတယ်။ အစကတော့ ဒေသ ခံတွေက ၁ ဧကကို သိန်း ၃၀၀ တောင်းတယ်။ ကုမ္ပဏီက မပေးနိုင်လို့ ၁ ဧကကို သိန်း ၃၀၀ ကနေ ၂၄၀၊ ၂၄၀ ကနေ သိန်း ၂၀၀ ဖြစ်သွားတယ်။ ကုမ္ပဏီက လက်မခံသေးတော့ ဈေးနှုန်း မသတ်မှတ်နိုင်ဘဲ အစည်းအဝေး အဆုံးသတ် သွားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူတစ်ဦးက ပြောပါသည်။

အစည်းအဝေး၌ New Star Light ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးခင်အုန်းက ၁ ဧက သိန်း ၂၀၀ မပေးနိုင် ကြောင်း၊ သိန်း ၂၀ မှ ၄၀ အတွင်းသာ ပေးနိုင်ကြောင်း၊ သို့သော် အားကစားကွင်းပါသည့် အလယ်တန်း ကျောင်း ၂ ထပ် ကျောင်းဆောင် ဆောက်လုပ်ပေးရန် ကုမ္ပဏီအား တင်ပြပေးမည်ဖြစ်ကြောင်းနှင့် သျှမ်းရိုး ရာပွဲများဆင်နွှဲဖို့ စတိတ်စင် ဆောက်လုပ်၍ မြေနေရာ သတ်မှတ်ထားပေးမည်ဟုလည်း ပြောကြောင်း ၎င်းက ဆက်လက် ပြောပြသည်။

ထို့အပြင် လွယ်တိန်ခမ်း၌ သျှမ်းနှစ်သစ်ကူးပွဲ ကျင်းပသည်မှာ လုံခြုံမှုမရှိ သလို အမျိုးသမီးများအပါအဝင် ကလေးငယ်များ လူ့အခွင့်အရေး ချိုးဖောက်မှုခံရသလို အဓမ္မပြုကျင့်ခံရသည်ဟု ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ဝင် ဦးခင်အုန်း က ပြောဆိုခဲ့ကြောင်း သိရသည်။

ယင်းကိစ္စအပေါ် ဒေသခံ ခေတ်လူငယ် တဦးက “သျှမ်းရိုးရာပွဲ ကျင်းပဖို့ စီစဉ်ပေးမယ် ဆိုတာ စကားလှအောင် ပြောတာဘဲ။   သူတို့လုပ်ပေးရင် လွယ်တိန်ခမ်းမှာ လုပ်သလို ကြီးကျယ်ခမ်းနား လုပ်ပေးနိုင်မလား။ လုံခြုံရေးကော ရာနှုန်းပြည့် အာမခံချက်ပေးနိုင်မှာလား။  သူတို့ ဘယ်လောက်အထိ တာဝန်ယူပေးနိုင်မလဲ” ဟု ပြောသည်။

တော်ရွက်ရပ်ကွက်အုပ်စုဝင် တော်ရွက်ရပ်၊ ဖွေးဟုန်ရပ်နှင့် ဟိုဆောင်ရပ် တလျှောက်ရှိ ရွှေလီမြစ်ဝှမ်း ကျွန်းပေါ်၌ New Star Light ကုမ္ပဏီမှ စက်တင်ဘာလ ၂၀ ရက်နေ့က မြေရိုင်းများကို ထွန်ညှိနေခဲ့ရာ ရွာသားများက အကြောင်းရင်း မသိရသဖြင့် မြေထွန်ညှိမှုကို ရပ်တန့်ရန် တောင်းဆိုခဲ့သဖြင့် ရပ်တန့်ပေး ကြောင်းနှင့် ကုမ္ပဏီ တာဝန်ခံ ဦးဝေစိုး က လာရောက်ရှင်းလင်းပြောပြကြောင်း အခြား ဒေသခံ တဦးက ဆိုသည်။
2310122
“ဦးဝေစိုး က မြို့ပြစီမံကိန်းအတွက် ပြည်နယ်အစိုးရက ချမှတ်ပေးပြီးပြီ။ နစ်နာကြေးအတွက် ၁ ဧက သိန်း ၂၀ ချပေး တယ်လို့ ပြောတယ်။ ဒေသခံတွေက ၁ ဧက သိန်း ၂၀ ဆိုရင်တော့ လက်မခံနိုင်ဘူးပေါ့။ ကုမ္ပဏီကလည်း ၁ ဧကကို သိန်း ၂၀ ကနေ သိန်း ၄၀ အထိဘဲ ပေးနိုင်တယ်လို့ ပြောတယ်” ဟု ဒေသခံတစ်ဦးကလည်း ပြောပါသည်။

ရွှေလီမြစ် ရေကာတာ ဆောက်လုပ်ပြီးနောက် မြစ်လယ်ကျွန်းများ ပေါ်ထွန်းလာကြောင်း၊ အဆိုပါ ကျွန်းပေါ်၌ ဒေသခံ များက ပြောင်းဖူးနှင့်ကြံ စိုက်ပျိုးကြကြောင်း၊ သီးနှံရောင်းချ၍ ရရှိလာသည့် ငွေများဖြင့် ဘုန်းကြီး ကျောင်း၊ ဇရပ် ဆောက်လုပ်နိုင်ခဲ့ကြောင်း၊ ထိုငွေများမှာ ရပ်ရွာရံပုံငွေအတွက်လည်းဖြစ်ကြောင်း သိရပါသည်။

“ကျနော်တို့က ကုမ္ပဏီက နစ်နာကြေးအဖြစ် ပေးတဲ့ သိန်း ၄၀ ကိုယူရင် တစ်ခါဘဲရမယ်။ စိုက်ပျိုးဖို့ မြေမရှိ တော့ဘူး ဆိုရင် ရပ်ရွာရံပုံငွေကို ဘယ်မှာသွားရှာမလဲ။ ဒါကြောင့် ၁ ဧကအတွက် သိန်းရာချီ တောင်းရတာပါ” ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

စက်တင်ဘာလ ၂၀ ရက်၌ ပြုလုပ်သည့် အစည်းအဝေးမှာ မြေဈေးနှုန်း မသတ်မှတ်နိုင်သဖြင့် ၂၄ ရက်နေ့၌ ပြန်လည် တွေ့ဆုံကြမည်ဟု ချိန်းဆိုထားကြကြောင်း သိရှိရပါသည်။