KIO နှင့် တွေ့ဆုံဆွေးနွေးမည့် အချိန်နှင့်နေရာ အစိုးရ အကြောင်းမပြန်သေး

KIO နှင့် တွေ့ဆုံဆွေးနွေးမည့် အချိန်နှင့်နေရာ အစိုးရ အကြောင်းမပြန်သေး
by -
သျှမ်းသံတော်ဆင့်

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် အစိုးရဘက်မှ ယခုလ ၁၀ ရက်နေ့က KIO ထံစာရေးသား ကမ်းလှမ်းထားသော်လည်း နှစ်ဘက်တွေ့ဆုံဆွေးနွေးမည့်နေရာနှင့် အချိန်အတိအကျကိုမူ ထပ်မံအကြောင်းကြားလာခြင်းမရှိသေးကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။

အစိုးရဘက်မှ KIO ထံပေးပို့သည့် စာတွင် နှစ်ဘက်တွေ့ဆုံမည့် နေရာမှာ တရုတ် - မြန်မာနယ်စပ်မြို့ များဖြစ်သည့် ရွေလီ သို့မဟုတ် မူစယ် တစ်နေရာရာ ဖြစ်နိုင်ပြီး နောက်ဆက်တွဲတွင် အစိုးရကိုယ်စားလှယ် များ ယခုလ ၁၆ ရက်နေ့အထိ အားလပ်မှုမရှိသေးကြောင်းဖေါ်ပြထား သည်။

KIOဘက်မှ အဆိုပါစာ လက်ခံရရှိကြောင်း ပြန်လည်အကြောင်းကြားထားရာ ၄င်းနောက်ပိုင်း အစိုးရဘက်မှ တွေ့ဆုံဆွေးနွေးမည့်ကိစ္စ ထပ်မံ အကြောင်းကြားခြင်း မရှိသေးကြောင်း အမည်မဖေါ်လိုသူ KIO အရာရှိကြီး တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ဒီလ ၁၀ ရက်နေ့က သူတို့ဆီကနေ တွေ့ဆုံဆွေးနွေးဖို့ စာရေးအကြောင်းကြားလာတယ် ကျနှော်တို့ဘက် ကလည်း စာရရှိကြောင်းပြန်အ ကြောင်း ပြန်ထားတယ် ဒီနောက်ပိုင်းတော့ ဘာမှအကြောင်းကြားလာတာ မရှိသေးပါဘူး ဒီလ ၁၆ ရက်နေ့ အထိတော့ သူတို့ဘက်ကမအား သေးတဲ့အကြောင်း အကြောင်းကြား ထားပါတယ်” ဟု ၄င်းအရာရှိက ပြောသည်။

နှစ်ဘက်ကိုယ်စားလှယ်များ အဆင်သင့်ဖြစ်သည့် အချိန်မှသာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲစတင်မည့် နေရာနှင့် နေ့ရက်ကို သတ်မှတ်နိူင်မည် ဖြစ်ပြီး ယခင်က နှစ်ဘက်တွေ့ဆုံမည့် နေရာရွေးချယ်ရာတွင် KIO ဘက်မှ တရုတ်နိုင်ငံ ရွေလီမြို့တွင် တွေ့ဆုံလိုကြောင်း အစိုးရထံတောင်း ဆိုမှုရှိခဲ့ဖူးကြောင်း သူက ဆက်ပြောသည်။

ယခုအခါ ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် KIO ဋ္ဌာနချုပ်လိုင်ဇာမြို့ တွင် ဗဟို ကော်မတီတွင်း ဆွေးနွေး ပွဲများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

၁၉၉၄ ခုနှစ်မှစ၍ KIO နှင့် အစိုးရစစ်တပ်တို့ ၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားရာမှ ၂၀၁၁ ခုနှစ် ဂျွန်လ ၉ ရက်နေ့ မှ စ၍ နှစ်ဘက်တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး  ယခုရက်ပိုင်းအတွင်း KIO ဋ္ဌာနချုပ်ရှိရာ တရုတ်နယ်စပ်အနီးရှိ လိုင်ဇာမြို့အနီး နှင့် ဖားကန့် ဒေသတို့တွင် တိုက်ပွဲများ ဆက်ဖြစ်နေရာ အရပ်သား သေဆုံးမှုများ ရှိကြောင်း သိရသည်။

နှစ်ဘက်တိုက်ပွဲများကြောင့် ကချင်ပြည်နယ်နှင့် သျှမ်းပြည် (မြောက်ပိုင်း) တို့တွင် သောင်းချီရှိသည့်စစ်ပြေး ဒုက္ခသည်များ ယနေ့အထိ စစ်ဘေး လွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။

KIO ၏ဒုနိုင်ငံခြားရေးမှူး ဗိုလ်မှူးကြီး ဂျိမ်းစ်လွမ်ဒေါင်ကမူ တွေ့ဆုံမည့်နေရာအတွက် ရွှေလီကို သဘောတူ ထားကြောင်း၊ အဘယ်ကြောင့်ဆိုသော် ရွှေလီသည် နှစ်ဘက်စလုံးအတွက် သြဇာခံမဟုတ်သည့်နေရာဖြစ် သောကြောင့် ဟု ဧရာဝတီသတင်းဌာနကိုပြောပြခဲ့ကြောင်း သတင်းပို့ထားပါသည်။