သျှမ်းတမျိုးသားလုံးစုပေါင်း၍ ကျိုင်းတုံ၌ အထူးနှစ်သစ်ကူးပွဲကျင်းပမည်

သျှမ်းတမျိုးသားလုံးစုပေါင်း၍ ကျိုင်းတုံ၌ အထူးနှစ်သစ်ကူးပွဲကျင်းပမည်
by -
သျှမ်းသံတော်ဆင့်

ဒီဇင်ဘာ ၁၄ ရက် ကျရောက်မည့် ၂၁၀၇ ခုနှစ် သျှမ်းနှစ်သစ်ကြိုဆိုပွဲတော်အား သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌တမျိုး သားလုံးစုပေါင်း၍ အထူးအစီအစဉ်ဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေးကော်မတီများကပြောသည်။

KT
ယခုလ ၉ ရက် ဗဟိုသျှမ်းစာပေယဉ်ကျေးမှုအဖွဲ့မှ ဦးစီးကျင်းပသည့် ရန်ကုန်မြို့ ကိုးမိုင်သျှမ်းကျောင်း အစည်းအဝေးမှ ထို ကဲ့သို့ ကျင်းပရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီအတွင်း ရေးမှူး စိုင်းလာ ကပြောသည်။

“ဗဟိုသျှမ်းစာပေ ယဉ်ကျေးမှုကနေ ဦးဆောင်ပြီးလုပ်မယ်။ ဘာလို့လဲဆိုတော့ သံလွင်အရှေ့ခြမ်းကျိုင်းတုံမှာ က ရှေးထုံး မပျက်ပြယ်သေးတဲ့ အဆောင်အယောင် တွေအများကြီးရှိနေသေးတယ်။ ဗမာစကားနဲ့ မရောသေးတဲ့ သျှမ်းစကား စစ်စစ်တွေ အများကြီးပြောနေကြသေးတယ်။ ပြောရင်တော့ သျှမ်းရိုးရာယဉ်ကျေး မှုစစ်စစ်ဆိုတာ အများကြီးရှိနေသေးတယ်  ” ဟု စိုင်းလာကပြောသည်။

ဒီဇင်ဘာ ၁၃ ရက် မှ ၁၅ ရက်နေ့အထိ ပြည်တွင်းပြည်ပ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည့် ၂၁၀၇ ခုနှစ် သျှမ်းနှစ်သစ် ကူးပွဲတော်အား ကျိုင်းတုံမြို့လယ် ကျွဲခတ်ကွင်း၌ ပျော်ပွဲရွင်ပွဲ၊ ကျွဲခတ်ကွင်းအရှေ့မိုင်းပြင်း ကျောင်းတိုက်၌ အလှူအဒါန်းပွဲ၊ လေယာဉ်ကွင်းအနီး လိသျှမ်းဟောခန်းမ၌ စာတမ်းဖတ်ပွဲဆိုကာသုံးပိုင်းခွဲ လုပ်သွားမည်ဖြစ်ကြောင်း၊ သျှမ်းလူမျိုးစုအတွင်း ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များကိုလည်းဖိတ်ကြား ထားကြောင်း ကြားသိရပါသည်။

ပွဲကျင်းပရခြင်းအဓိကရည်ရွယ်ချက်မှာ မျိုးဆက်သစ်လူငယ်များ သျှမ်းစာပေယဉ်ကျေးမှုနှင့်သမိုင်းအစစ် အမှန် သိရှိနား လည်စေရန် နှင့် မပပျောက်အောင်ထိန်းသိမ်းကြရန်၊ အနာဂတ်တွင် သျှမ်းပြည်အမျိုးသား ရေးအတွက် မှန်မှန်ကန်ကန် ဦး ဆောင် ထမ်းရွက်ကြရန် ဖြစ်သဖြင့် ရှေးပညာရှင်များ ပြုစုမှတ်တမ်းတင်ထား သော သမိုင်းမှန်ကို ဖော်ထုတ်သွားမည်ဖြစ် ကြောင်း စိုင်းလာက ပြောသည်။

“ အရွယ်သုံးပါးလုံးသာမက လူ့ဘောင်၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ အကျိုးဖြစ်အောင် ကျင်းပမယ့် ပွဲဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ စာအောင် ဘွဲ့ရတဲ့ သျှမ်းသံဃာတော်တွေကိုဂုဏ်ပြုလွှာချီးမြင့်မယ်။ သျှမ်းထုံးမပယ်တဲ့ သက်ကြီးရွယ်အို တွေကို ဂုဏ်ပြုဆုပေးအပ်မယ်။ ပွဲလာတဲ့ပရိသတ်တွေကိုအတွက် ကံစမ်းမဲတွေဖေါက်ပေးမယ်” ဟု ဆိုပါသည်။

လာမည်နှစ်များအတွက် မည်သည့်နေရာတွင်ဆက်လက်ကျင်းပသွားမည်ကိုမူ ဗဟိုသျှမ်းစာပေယဉ်ကျေးမှု အသင်းမှ အစည်း အဝေးခေါ်ယူသွားမည်ဖြစ်ကြောင်းပြောပါသည်။

ယခုနှစ် ကျိုင်းတုံ၌ ကျင်းပမည့် သျှမ်းနှစ်သစ်ကူး အထူးပွဲတော်၏ ကော်မတီအဖွဲ့ကိုလည်းရွေးချယ်ပြီးစီးပြီ ဖြစ် ကြောင်း သိရသည်။

သျှမ်းသက္ကရာဇ် ၂၁၀၆ ခုနှစ်သည် ဒီဇင်ဘာလ ၁၃ ရက်နေ့၌ ကုန်ဆုံးမည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၄ ရက်သည် သျှမ်းနှစ်သစ် ၂၁၀၇ ခုနှစ်ဖြစ်ပါသည်။ သျှမ်းပြည်တွင်းမြို့နယ်အသီးသီး၌ နှစ်သစ်ကူးပွဲ ကျင်းပသကဲ့သို့ ပြည်ပအသီးသီးရောက် သျှမ်း မိသားစုများကလည်း သျှမ်းနှစ်သစ်ကူးပွဲကို နှစ်စဉ်ကျင်းပခဲ့ကြသည်။