ပလောင်ဒေသအား ထပ်မံထိုးစစ်ဆင်နိုင်ကြောင်း ပလောင်အဖွဲ့ သံသယဖြစ်

ပလောင်ဒေသအား ထပ်မံထိုးစစ်ဆင်နိုင်ကြောင်း ပလောင်အဖွဲ့ သံသယဖြစ်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့အား ထပ်မံတိုက်ခိုက်ရန် စစ်ဆင်ရေးကွပ်ကဲ မှုဌာနချုပ် (စကခ)မှူး ကိုယ်တိုင် ကွင်းဆင်းကွပ်ကဲနေသည့်အတွက် ထပ်မံ ထိုးစစ်ဆင်လာနိုင်ကြောင်း TNLA တပ်ဖွဲ့က သံသယ ဖြစ်နေသည်။

TNLA

“တိုက်ပွဲ ငြိမ်နေတာတော့ ၄ ရက်တော့ရှိနေပြီ။ ဒါပေမယ့် (ကျောက်မဲ အခြေစိုက်) စကခ ၁ က ဗိုလ်မှူးကြီး အောင်ဇော်ဦး ကိုယ်တိုင် နမ့်ဆန်မှာရှိတဲ့  တပ်စခန်းကိုလာပြီးကြီးကြပ်ကွပ်ကဲတယ်။ စစ်ဆင်ရေးထပ်လုပ် ဖို့စီစဉ်နေတယ်။ အစိုးရတပ် အင်အား  လျော့သွားတာ လဲမရှိဘူး။ ပုံမှန်ပါပဲ” ဟု တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ပြောခွင့်ရ မိုင်ဖုန်းကျော်က ပြောသည်။

အစိုးရတပ်များသည် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် နမ့်ဆန် နှင့် မန့်တုံမြို့နယ်အတွင်း တပ်ရင်း ၁၀ ရင်း ကျော်ရှိကြောင်း၊ မိုးဦးကတည်းက နမ္မတူ၊ နမ့်ခမ်း၊ ကွတ်ခိုင်မြို့နယ်များသို့တပ်ရင်း အများအပြား ပို့ဆောင်ထားကြောင်း ၎င်းကဆိုသည်။

ထို့အပြင် “ဒီလ ၄ ရက်နေ့က ကျနော်တို့တပ်ချထားတဲ့ (ပန်စလွပ်တပ်စခန်း) တောင်ကုန်းတခုကို အစိုးရတပ် က လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်လို့ ဆုတ်ပေးလိုက်တာတော့ရှိတယ်၊ ကျနော်တို့ ဆုတ်ရင်း ပစ်ရင်းနဲ့ အစိုးရဘက်က ဗိုလ်ကြီး ၁ ယောက်  တပ်သား ၆ ယောက်ကျတယ်၊ ဒုတပ်ရင်းမှူး ၁ ယောက်လဲဒဏ်ရာ အပြင်းအထန် ရသွားတယ်” ဟု TNLA ပြောခွင့်ရ မိုင်ဖုန်းကျော်က ပြောသည်။

သို့သော် ယင်းကိစ္စ သီခြားအတည်ပြုချက် မရရှိသေးပါ။

မန်တုံမြို့နယ်အတွင်း၌ အစိုးရတပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲကြောင့် စစ်ဘေးသင့် ဒုက္ခသည် ၃၀၀ ကျော်  အတွက် ခရိယာန်ကုန်း နှင့် မန့်စပ်ရွာတို့့၌  ဒုက္ခသည်စခန်းများ ဖွင့်လှစ်ပေးထား ကြောင်း၊ ရွှေလီမြစ်ဝှမ်း နမ့်ခမ်းမြို့နယ် ဒုက္ခသည်စခန်း၌လည်းသွားရောက်ခိုလုံကြောင်း တအာင်း အမျိုးသားပါတီ TNP မှ မိုင်အုန်းခိုင်က အခုလို ပြောသည်။

“ပလောင်စစ်ဘေးဒုက္ခသည်တွေအတွက် Unicef  က ဆန်ထောက်ပ့ံပေးတာတွေတော့ရှိတယ်။ မလောက်ဘူး။ TNP ပါတီ ကနေ ဒေသခံတွေဆီက အလှူခံပြီး သူတို့ကိုထောက်ပ့ံကျွေးမွေးနေရတယ်၊ကလေးတွေလဲ စာမသင်ရတော့ဘူးဒီနှစ်။ ဒုက္ခသည် စခန်းထဲတော့ ကလေး နဲ ့ သက်ကြီးရွယ်အို အများဆုံးဘဲ။ လူလတ်ပိုင်း တွေကတော့ တရုတ်နိုင်ငံဘက် အလုပ်သွား လုပ်ကြနေရတယ်၊ ၀မ်းရေးလဲမလောက်တော့ဘူး” ဟု ၄င်းက ပြောသည်။

အစိုးရဘက်ကထပ်ပြီးစစ်ဆင်ရေးပြုလုပ်လာပါက  TNLA ဘက်က လည်း ခုခံတိုက်ခိုက်ရန် စစ်ရေးအသင့် ပြင်ဆင်ထားပြီးဖြစ် သည်ဟု မိုင်ဖုန်းကျော်က ဆိုသည်။