ကချင်ပြည်နယ်တွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်တရုတ်ပြည်၊ နောင်တောင်းခရိုင်တွင် ၀င်ရောက် ခိုလှုံနေထိုင်သော ဒုက္ခသည်များကို ဒီနှစ်သြဂုတ်လကုန်ပိုင်းက တရုတ်အာဏာပိုင်များက နေရပ်ဆီ ပြန် ပို့လိုက်ပြီဖြစ်သော်လည်း လုံလောက်သောကူညီထောက်ပံ့မူမရသေးကြောင်းစုံစမ်းသိရှိရပါသည်။
“တရုတ် မြန်မာနယ်စပ် တလျောက် ဒုက္ခသည်စခန်းပေါင်း(၄၀)ကျော်ရှိတယ်။ မြန်မာအာဏာပိုင်တွေ ထိန်းချုပ်နယ် ထဲမှာရှိတဲ့ နမ့်ခမ်းမြို့နယ်ထဲက ဒုက္ခသည်စခန်း နဲ့ နမ့်ခမ်းနဲ့ (၁၀) မိုင်လောက် ဝေးတဲ့ မန့်ဝိန်းကြီးရွာက ဒုက္ခသည် စခန်းကဘဲ (WFA) ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံရေး အစီအစဉ်ရဲ့အကူအညီကို ရတယ်။ ဒီ KIO ထိန်းချုပ် နယ်မြေ ဘက်က ဒုက္ခသည်စခန်းတွေကိုတော့ KIO ကဘဲ ကူညီထောက်ပံ့ပေး တယ်။ အခုလောလောဆယ် ဒုက္ခသည်တွေ လိုနေတာ ကတော့ တဲအိမ်ဆောက်လုပ်ဖို့ မိုးကာ၊ အသုံးအဆောင် ၊အစားအသောက်၊ ဆေးဝါး၊ ကျောင်းသုံး ကိရိယာ တွေပေါ့ ” ဟု ကချင်ဒုက္ခသည်များ ကူညီရေး အဖွဲ.တာဝန်ခံ ဦးတွဲပီဆ က ပြောကြားသွားပါ သည်။
ကချင်ဒုက္ခသည် အများစုသည် မန်စီမြို့နယ်နှင့်မိုးမောက်မြို့နယ်တို့ မှ ဖြစ်ပြီး ၂၀၁၁ ဇူလိုင်လ ဆန်းပိုင်းက တည်းက တရုတ်ပြည်ဘက်သို့ ရောက်ရှိနေကြခြင်းဖြစ်သည်။
“တိုက်ပွဲတွေနည်းသွားပြီဆိုပြီး သူတို့ကို တရုတ်အစိုးရက ပြန်ပို့ လိုက်တာ။ သူတို့ ရဲ့ ရွာတွေ အများစုကို အစိုးရ စစ်ကြောင်း ကမီးရှို့လိုက်တယ်။ မြေမြုပ်မိုင်း(landmine)တွေ ရဲ့အန္တရာယ်က လည်းကြီးကြီးမားမားရှိနေ သေးတယ်။ နောက်ပြီး သူတို့က အစိုးရ တပ်မတော်တွေကို ရင်မဆိုင်ချင် သေးတာရယ်ကြောင့် သူတို့ တွေ မပြန်နိုင်သေးပဲ ဒုက္ခ သည်စခန်းမှာဘဲ ဆက်လက်နေထိုင်နေရတယ် ” ဟု ဒုက္ခသည် များအား အကူအညီပေး နေသူတစ်ဦးကလည်း ပြောပြသည်။
တရုတ်ဘက်ခြမ်းရှိ ဒုက္ခသည်ပေါင်း ၄၉၀၀ ကျော်ကို သြဂတ်စ်လ ၂၂ ရက်မှ ၂၄ ရက်ထိ တရုတ် အာဏာပိုင် များက မန့်ဝိန်းကြီးကျေးရွာ နှင့် ကချင် KIA တပ်မဟာ ၃ ထိန်းချုပ်ရာ အင်ပါပါ ၊နလမ်ဇွပ် ဘက်သို့ ပို့ဆောင် ခဲ့သည်။
ဒုက္ခသည်များနေထိုင်ရန် တဲအိမ်များဆောက်လုပ်ပြီးစီးမှု မရှိသေးသဖြင့် အဆောက်အဦးဟောင်း၏ အခန်းကျဉ်း များပင် နေထိုင်နေကြရသည်။သို့သော် ကလေးများပညာရေးအတွက် ကိုယ်ထူကိုယ်ထ စာသင်ခန်းလေးသာ ဖွင့်ထားပေးနိုင်ပြီး စာသင်ခန်းလုံလောက်မှု မရှိသေးသဖြင့် ဒုက္ခသည်ကျောင်းသားများ မှာ အချိန်ပိုင်းစနစ်ဖြင့် အလှည့်ကျ အချိန်ပေး စာသင်နေကြရကြောင်း ဦးတွဲပီဆ က ပြောပါသည်။
မြန်မာ့တပ်မတော်နှင့် KIA ကချင်တပ်တို့အကြား၂၀၁၁ ဇွန်လ၉ ရက်မှ စ၍ ယနေ့အထိ တစ် နှစ်ကျော် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဒုက္ခသည်ပေါင်း(၁)သိန်းနီးပါး ရှိပြီဖြစ်ရာ KIA ထိန်းချုပ်နယ်မြေ ဘက်တွင် ၆ သောင်းကျော် အစိုးရ ထိန်းချုပ်နယ်မြေဘက်တွင် ၃ သောင်းကျော်ရှိနေကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူထံများမှ သိရပါသည်။