ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော

ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟု စိုင်းနော်ခမ်းပြော
by -
သျှမ်းသံတော်ဆင့်

တရုတ်နိုင်ငံ ၌ ရုံးတင်စစ်ဆေးခံရပြီးနောက် အမှုစီရင်ချက်မချရသေးသော ရွှေတြိဂံမူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်းမှာ ခေါင်းဆောင်တဦးအနေဖြင့် တရားသောပစ်ဒဏ်ခံယူမည်ဟုပြောကြောင်း မိသားစုဝင်များက ပြောကြားလိုက်ပါသည်။

တရားရုံး၌ မိမိယဉ်ကျေးမှုအရ တရားသူကြီးအား နှုတ်ဆက်နေပုံ
“ သူက ခေါင်းဆောင်တယောက်ဖြစ်နေလို့ တာဝန်ယူတဲ့အနေနဲ့ အဖမ်းခံလိုက်တာဖြစ်တယ်လို့ ပြောတယ်။ အမှန်ဆို တရုတ် ၁၃ ဦးသတ်တာ သူမလုပ်ရဘူးလို့ ပြောတယ်။ အဖမ်းခံရတုန်းကလည်း သူနဲ့ အရင်းနှီးဆုံး ပုဂ္ဂိုလ်၊ သူ့နဲ့အနီးကပ် ဆုံးလူကဘဲ သစ္စာဖောက်ပြီး အာဏာပိုင်တွေကို လမ်းပြခေါ်လာတာလေ” ဟု ၎င်း၏ ညီမတော်သူ နန်းညွန့်အေးက ဘန်ကောက်ပို့စ် အား ပြောပါသည်။

စိုင်းနော်ခမ်း၏ ညီမ နန်းညွန့်အေးသည် အစ်ကိုဖြစ်သူနှင့် ပြီးခဲ့သည့် ကြာသပတေးနေ့နှင့် သောကြာနေ့က စကားပြော ခွင့်ရခဲ့သည်ဟု ဆိုပါသည်။

စိုင်းနော်ခမ်းအား တရုတ်အစိုးရက ပြစ်ဒဏ်မစီရင်သေးသည်မှာ ၎င်းတို့လိုချင်သော သတင်းအချက် အလက်များ မပြည့်စုံ သေး၍  ဖြစ်နိုင်ကြောင်း၊ သို့သော် ၎င်းကျူးလွန်ထားသော ပြစ်မှုမှာ ၂၈ မှုထက်မနည်း ရှိနေသဖြင့်  ပြစ်ဒဏ်မှာလည်း သေဒဏ်ကျခံရဖွယ်သာရှိကြောင်း ဒေသတွင်းလုံခြုံရေးအရာရှိတဦး ကပြောပါ သည်။

“စိုင်းနော်ခမ်းက သူပိုက်ဆံရှာနိုင်တုန်းကတော့ မြန်မာအာဏာပိုင်တွေထဲက အကြီးအကဲတွေရော၊ ဒေသခံ ကျေးလက် လူထု ကပါ သူ့ကိုအကာအကွယ်ပေးခဲ့ကြတယ်။ သူ့ကိုလည်း သျှမ်းရော်ဘင်ဟွဒ်(Robin Hood) လို့ တင်စားကြတယ်လေ။ သူ အဖမ်းခံရတုန်းက ပြန်လွှတ်ပေးဖို့ ရွာသားတွေကနေ သွားပြီးဆန္ဒပြကြ သေးတာဘဲ။  နောက်ပြီးသူက မြန်မာအာဏာပိုင် ထဲက ထိပ်သီးတွေနဲ့ လည်း ဝင်ထွက်ရင်းနှီးတဲ့လူဘဲ။ ဒါပေမယ့် ခုအဖမ်းခံ ရပြီး နောက်ပိုင်း သူ့ကို အရေးတယူအားပေး မေးမြန်း တဲ့လူမရှိတော့ သူစိတ်ညစ်နေတယ်” ဟုနန်းညွန့်အေး က ဘန်ကောက်ပို့စ်သတင်းစာ၌လည်း ပြောကြားပါသည်။

စိုင်းနော်ခမ်းသည် အသက် ၉ နှစ်ကတည်းက ကျောင်းမှထွက်၍ အလုပ်လုပ်ခဲ့ရသဖြင့် စာရေးတတ်ဖတ်တတ် ရုံသာ ရှိခဲ့ ကြောင်း ညီမ ဖြစ်သူကပြောကြား၏။ သို့သော် လူမှုဆက်ဆံရေး၌အတော်အတန်ကောင်းမွန်သဖြင့် MTA အတွင်း စစ်မှုထမ်းစဉ် လားဟူရွာသားများနှင့် အသင့်မြတ်ဆုံးပေါင်းသင်းတတ်သူအဖြစ် အထက်အရာ ရှိများ၏ ချီးမွမ်း ခြင်းခံရကြောင်း ထိုစဉ် က လုပ်ဖော်ကိုင်ဖက်တဦးက ပြောပါသည်။

ယခင်နှစ် အောက်တိုဘာ ၅ ရက်က တရုတ်လူမျိုး ၁၃ ဦး မဲခေါင်မြစ်အတွင်းသတ်ခံရမှုနှင့်ပတ်သက်ပြီး တြိဂံဒေသ မူးယစ် ရာဇာအမည်ရ စိုင်းနော်ခမ်း နှင့် လုပ်ဖေါ်ကိုင်ဖက် ၆ ယောက်အား တရုတ် အာဏာပိုင်း များက စက်တင်ဘာ ၂၀ -၂၁ ရက် နေ့တို့၌  ရုံးတင်စစ်ဆေးရာ ၎င်းနှင့်အတူ  စိုင်းဆန်ခမ်း၊ စိုင်းယီလိုင် နှင့် လားဟူအမျိုးသား ဂျဘိုး ၊ ဂျထိုးဘိုးနှင့်  ဂျဆီးကား တို့ပါဝင်ကြောင်း တရုတ်အစိုးရပိုင် စီစီတီဗီ ကထုတ် လွင့်ဖော်ပြခဲ့သည်။ အဆိုပါသတ်ဖြတ်မှုနှင့်ပတ်သက်၍ မိမိလုံးဝ မသိရှိရကြောင်း စိုင်းနော်ခမ်းက ငြင်းဆိုခဲ့ပြီး သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုများအားတောင်းပန်၍ ဘတ်ငွေ သန်း ၃၀ လျော်ပေးရန် ကမ်းလှမ်း လိုက်သည်။ သို့သော်ယနေ့တိုင် ၎င်းအပေါ် တရုတ်အစိုးရက ပြစ်ဒဏ်မချရသေးပေ။ စိုင်းနော်ခမ်းသည် ထိုင်းနိုင်ငံမှ အမှု ၁၇ မှု ၊ မြန်မာအစိုးရမှ ၁၅ မှု၊ လောဝ် (လာအို) မှ ရ မှု ၊ တရုတ်မှ ၂၉ မှု ဖြင့် စွဲချက် တင်ခံထား ရသူဖြစ်သည်။