သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် SSPP/SSA တပ်စခန်းအား အစိုးရတပ်များ ဆက်လက်တိုက်ခိုက် သွားဖွယ်ရှိကြောင်း ရှေ့တန်းတပ်မှူးများက ပြောပါသည်။
“အပစ်ရပ်ဆွေးနွေးတုန်းက လှုပ်ရှားရောက်ရှိတဲ့ဒေသမှာ တပ်ဖွဲ့ဝင်တွေ အခြေချနေထိုင်ဖို့ အတွက် တပ်စခန်းဆောက်ထားတယ် ဆိုတဲ့ နေရာတွေကို အစိုးရတပ်က အင်အားသုံးတိုက်ခိုက်မယ်လို့ကျနော် တို့ သတင်းရနေတယ်” - ဟု RCSS/SSA အရာရှိတဦး က ပြောပါသည်။
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပူး မိုင်းပြင်း၊ သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့၊ မောက်မိုင်မြို့နယ်အတွင်း၊ လွယ်လင်ခရိုင် နမ့်ဇန်၊ မိုင်းပန်၊ လဲချား၊ မိုင်းကိုင် နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တာ့ဆမ်ပူး (ကူးတို့ဆိပ်) တပ် စခန်းများအား တိုက်ခိုက်ရန် အစိုးရတပ်များအင်အားဖြည့်ထား၍ စစ်ရေးပြင်ဆင်နေကြောင်း - ပြောပါသည်။
“ကျနော်တို့ ငြိမ်းချမ်းရေးမယူခင်တုန်းက စစ်နယ်မြေဒေသ ဗဟိုတပ်စခန်းကြီးကလွဲလို့ အများအားဖြင့် စခန်းနဲ့ မနေဘူး။ ကျေးလက်ထူထုကြားမှာဘဲ လျှို့လျှို့ဝှက်ဝှက် လှုပ်ရှားလာခဲ့တယ်။ အခု အပစ်ရပ်ဆွေးနွေးပြီးတော့ ကျနော်တို့လျှို့ဝှက်နေထိုင် စရာမလိုတော့ဘူး။ အဲဒါကြောင့် ကျနော်တို့ ရောက်တဲ့အရပ်မှာ စခန်းငယ် လေးတွေလုပ်ပြီးနေထိုင်ဖို့ပြင်ဆင်ရတယ်။ ဒါကို အစိုးရတပ်လက်မခံဘူးဆိုတဲ့သဘော။ စစ်သားဆိုတာ သေနတ်ကိုင်တာမဟုတ်ဘူး။ လာရင်တော့ပစ်မှာဘဲ” - သျှမ်းပြည်တောင်ပိုင်း ရှေ့တန်းတပ်မှူး တဦး က ပြောပါသည်။
ပြည်ထဲရေးဝန်ကြီး နှင့် ကာကွယ်ရေးဝန်ကြီး ဌာန၌ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ထားသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များအား ၁၇(၁) ပုဒ်မနှင့်ညှိစွန်း သည့် မတရားအသင်းအဖြစ်သာ သတ်မှတ်သေးကြောင်း၊ ပယ်ဖျက်ရန်လည်း နိုင်ငံတော် သမ္မတ မှ ညွှန်ကြား ထားခြင်းမရှိကြောင်း၊ ထို့ကြောင့် အဆိုပါလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပတ်သက်ဆက်နွယ် သူတိုင်းအားလည်း အက်ဥပဒေပုဒ်မ ၁၇ - ၁ (ထောင်ဒဏ် ၃ နှစ်)ဖြင့် အချိန်မရွေးဖမ်းဆီးနိုင်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနမှ အရာရှိကြီးတဦး၏ ပြောစကား ကို ကိုးကား၍ လွှတ်တော်အမတ်တဦးကလည်း သျှမ်းသံတော်ဆင့်တို့ ပြောပြပါသည်။
ထို့အတူ နာမည်ပျက်စာရင်းမှ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အစိုးရက ကြေငြာခဲ့သည့်တိုင် ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန်ကြီး ဌာနတို့က သမ္မတထံမှ ဖျက်မိန့်မကျလာသေးသဖြင့်ဟုဆိုကာ နာမည်များမဖျက်သေး ကြောင်း၊ ထို့ကြောင့်လည်းပြည်တော်ပြန် သည့် အဆိုပါနာမည်ပျက်စာရင်းပါသူများမှာ နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ပေးမည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန နှင့်နီးစပ်သည့် အမျိုးသမီးတဦးကလည်း ပြောပါသည်။