ကုမ္မဏီထံမှရသည့်လျော်ကြေးအပေါ် မြို့နယ်ထွေအုပ်ကဖြတ်ယူ လယ်သမားများအခက်တွေ့

ကုမ္မဏီထံမှရသည့်လျော်ကြေးအပေါ် မြို့နယ်ထွေအုပ်ကဖြတ်ယူ လယ်သမားများအခက်တွေ့
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်းတာလေမြို့နယ်ခွဲတွင် သတ္တု၊ ရွှေတူးဖော်ရေးကုမ္မဏီက လယ်သမားများထံပေးလျော် ငွေ များအပေါ်  မြို့နယ်ထွေအုပ်ရုံးက ဖြတ်ယူလိုက်သည်ဟု တာချီလိတ်ရောက်လယ်သမား များက စွပ်စွဲလိုက်ပါသည်။

“ကျနော်တို့ဆီမှာ ရွှေတူးနေတဲ့ ဆိုင်တစ်ကုမ္မဏီနဲ့ လွယ်ခမ်းလုံ ကုမ္မဏီတို့ကနေ လျော်ကြေးပေးတာ။ ဩဂတ်စ်လ ၂၁ ရက် ကလျော်ကြေးပေးလာတယ်။ ၂၄ ရက်နေ့မှာ ကျနော်တို့ရဲ့အုပ်စုဥက္ကဌ လုံးဆိုင်လီကို ခေါ်ပြီးတော့ ရတဲ့ငွေထဲက ဘတ်ငွေ ၄ သောင်း တောင်းတယ်။ ရုံးရံပုံငွေအတွက်တဲ့။ ကျနော်တို့ဒုက္ခရောက် နေတာကို ခေါင်းပုံဖြတ်စားရက်တယ်ဗျာ” ဟု တာလေ မြို့နယ်ခွဲမှ ဒေသခံလုံးခမ်းကသျှမ်းသံတော်ဆင့်အား ပြောသည်။

အဆိုပါဒေသ၌ သတ္တုနှင့် ရွှေတူးဖော်ရေးမှ ရေညစ်များ လူထု၏လယ်ယာခြံမြေများထဲသို့ စီးဝင်သဖြင့် လုပ်ကိုင်စား သောက် နိုင်ခြင်းမရှိ။ သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ အခက်အခဲဖြစ်နေသဖြင့် မြို့နယ်အာဏာပိုင်များနှင့် တာချီလိတ်ရှိ ကျားဖြူပါတီရုံးသို့ ကူညီဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုထားသည်ဟုဆို၏။ မြို့နယ်ခွဲတခုလုံး ဆုံးရှုံးသည့်လယ်ယာမြေဧကပေါင်းအတိအကျ မသိရသော် လည်း မိုင်းလင်းအနောက်အုပ်စုရှိ နားဟိုင်းလုံရွာ၏ လယ်မြေ ဧက ပေါင်း ၆၉.၅ ဧကကိုကုမ္မဏီက ပေးလျော်ရာမှ မြို့နယ်ခွဲထွေအုပ်ရုံးက တောင်းယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

လျော်ကြေးပေးပုံမှာ လယ်တဧကအတွက် စပါးအထမ်းပေါင်း ၅၀ ပေးကြောင်း၊ အဆိုပါ ၅၀ ထမ်းအား တထမ်းလျှင် အလေး ချိန် ၂၀ ကီလိုဂရမ်သတ်မှတ်၍ ထိုင်းဘတ်ငွေ ၁၀ ဘတ်ဈေးဖြင့်တွက်၍ပေးလျော်ရာ လယ်တဧကအတွက်ဘတ်ငွေ ၁၀,၀၀၀ (တစ်သောင်း) ရရှိကြောင်း၊ နားဟိုင်းလုံရွာက လယ်မြေဧက ၆၉.၅ အတွက် ထိုင်းဘတ်ငွေ ၆၉၅,၀၀၀ ရရှိကြောင်း၊ တာလေမြို့နယ်ခွဲထွေအုပ်ရုံးက ထိုအနက် ဘတ်ငွေ ၄၀၀၀၀ (လေးသောင်း)ကို ချိုးယူထားလိုက်ကြောင်း နားဟိုင်းလုံ ရွာသား တဦးကလည်းပြောသည်။

“ ဒါ့အပြင် သူ့ကိုယ်သူ ကျားဖြူပါတီဝင်ဆိုပြီးတော့ လဲချားကနေ ဒီနားဟိုင်းလုံမှာအိမ်ထောင်ကျတဲ့ စိုင်းခမ်း ဆိုတဲ့လူကလဲ နောက်ထပ် ဘတ်ငွေ ၁ သောင်း ၅ ထောင်ထပ်ချိုးယူလိုက်သေးတယ်။ ကျနော်တို့ အကူအညီ တောင်းတုန်းကတော့ တာချီ လိတ်က ကျားဖြူရုံးကိုအကူအညီတောင်းတာမှန်ပေမယ့် စိုင်းခမ်းဆိုတဲ့လူက ပိုက်ဆံ ဖြတ်ယူတော့ တာချီလိတ်ကျားဖြူရုံးက ဘာပြေစာ ဘာတောင်းခံစာ လက်မှတ် အမိန့်မှ မပါလာဘူး။ ဆီဖိုး ဆိုပြီးတောင်းသွားတယ်။ အဲတာတကယ်ဘဲ ရုံးကတောင်း ခိုင်းတာလား သို့မဟုတ် သူ့ဟာသူ လာတောင်း တာလားဆိုတာလဲ မသိရဘူး” ဟု ၎င်းက ဆက်လက်ပြောပြသည်။

တာချီလိတ်မြို့နယ်၌ ယခုနှစ်အတွင်း ရွှေဖြူတူးဖော်ရေး ကုမ္မဏီ ၁၅ ခု ရှိပြီဖြစ်ကြောင်း ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် မုံးကိုးကျေးရွာအုပ်စုအပြင် တာလေမြို့ နယ်ခွဲအတွင်းရှိ နားဟိုင်းလုံရွာ၊ နားဟိုင်းနွဲ့ရွာ၊ မိုင်းလင်းကျေးရွာအုပ်စုဝင် နမ့်ခင်းရွာ၊ ပါလျောင်း၊ ကျိန်းလပ်၊ ဒေသခံများ လယ်ယာ စိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရ ကြောင်း ဒေသခံများပြောပြချက်အရသိရပါသည်။