သျှမ်းပြည်တောင်ပိုင်း အရှေ့ပိုင်း မြောက်ပိုင်းအတွင်း အခြေချ လှုပ်ရှားသည့် သျှမ်းပြည်တပ်မတော် SSA တပ်စခန်း များအား အစိုးရတပ်များကတိုက်ခိုက်သောကြောင့် နှစ်ဦးနှစ်ဘက်ဆုံးရှုံးမှုများကြောင်း ဒေသတွင်းသတင်း ရပ်ကွက် ကပြောပါသည်။
“သျှမ်းပြည်တောင်ပိုင်း တုံလောဝ် ဆားတောမှာ ဖြစ်တဲ့တိုက်ပွဲက အစိုးရတပ်ဘက် သေသာများတယ်။ သျှမ်းတပ် စခန်းကို သူတို့တက်တိုက်တာလေ။ ကျနော်သိသလောက်ဆို ဆယ်ယောက်ထက်မနည်းဘူး” - ဟု နောင်ဝိုး အခြေစိုက် ဗျူဟာတပ်နှင့်နီးစပ်သူတဦးကပြောပါသည်။
သောကြာ (စက်တင်္ဘာ ရ ရက်) နေ့က သျှမ်းပြည်မြောက်ပိုင်း SSPP/SSA ၏ သိန္နီမြို့နယ်အတွင်း တပ်စခန်း အား လည်းကောင်း၊ RCSS/SSA ၏ သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်းရှိ ဆားတောကျေးရွာ အနီးတပ်စခန်း၊ မောက်မိုင်မြို့နယ် ဝမ့်မိုင့်နျုရွာအနီး၌လည်းကောင်း၊ စက်တင်္ဘာ ၅ ရက်မှ ရ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပြင်းမြို့နယ် မိုင်းပူးအွန်ဒေသအတွင်း၌လည်းကောင်း တိုက်ပွဲများ ဆက်တိုက်ဖြစ် ပွား ခဲ့သည်ဟု သျှမ်းတပ်အသိုင်းအဝိုင်းက ပြောပါသည်။
“နောင်ဝိုး ဗျူဟာ တပ်လို့ ဒေသခံတွေပြောတာဘဲ။ ကျနော်တို့နေတဲ့နေရာကို တန်းပြီးတက်လာတော့။ မလွှဲ မရှောင်နိုင် တော့ဘူးလေ။ ကျနော်တို့ဘက်လဲ ဆုံးရှုံးမှုရှိတယ်။ သူတို့ဘက်တော့ ၁၀ ယောက်ကျော်သေ တယ်။ ၃၀ ကျော်ဒဏ်ရာရ တယ်။ ကျနော်တို့သိမ်းဆည်းရမိတာကတော့ စက်သေနတ် ၁ လက်၊ ကျည် ၆၀၀ ကျော်၊ MA သေနတ် တလက်နဲ့ စစ်ပစ္စည်းတွေ အခြားကျည်တွေအများကြီးဘဲ။ တိုက်ပွဲက မွန်းမတည့် ခင်ဖြစ်တာ၊ မွန်းလွဲပိုင်းလောက်အထိဘဲ” - ရှေ့တန်းရောက် RCSS/SSA အရာရှိငယ်တဦးကပြောပါသည်။
စက်တင်္ဘာ ၅ နေ့ သံလွင် မိုင်းပြင်း မြို့နယ် မိုင်းပူးအွန် တိုက်ပွဲ၌ လည်း မိုင်းပြင်းအခြေစိုက်ခမရ ၃၆၀ တပ်ခွဲ ၁ က နှစ် ယောက်သေဆုံးပြီး ၃ ယောက်ဒဏ်ရာရရှိကြောင်း၊ ရ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ သောတိုက်ပွဲများ၌နှစ်ဘက် သေ ကျေကျဆုံးမှုရှိကြောင်း သံလွင်အရှေ့ခြမ်းတပ်မှူးတဦးကပြောပါသည်။
အဆိုပါတိုက်ပွဲများနှင့်ပတ်သက်၍ သျှမ်းပြည်တပ်မတော်ပြောခွင့်ရ ပုဂ္ဂိုလ်ဗိုလ်မှူးလောဝ်ဆိုင်က ဟုတ်မှန်ကြောင်း အတည်ပြုပြောဆိုသော်လည်း နှစ်ဘက်ကျဆုံးမှု စာရင်းကိုမူ ထုတ်ဖေါ်ပြောဆိုခြင်းမရှိပေ။
သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် RCSS/SSA တို့သည် မြန်မာအစိုးရနှင့် ပြည်ထောင်စုအဆင့် ငြိမ်းခြမ်းရေး တည်ဆောက်ထားသည့်အဖွဲ့ဖြစ်သော်လည်း ပဏာမ အဆင့်သဘောတူညီမှုရရှိပြီး ယနေ့ထိုင် တိုက်ပွဲပေါင်း ၃၀ စီထက်မနည်း ဖြစ်ပွားနေသေးသည်။