ကျေးလက်လူထုအားနှိပ်စက်မှုကြောင့် အစိုးရတပ်အရာရှိနှင့်တပည့်တယောက်ပျောက်ဆုံးနေ

ကျေးလက်လူထုအားနှိပ်စက်မှုကြောင့် အစိုးရတပ်အရာရှိနှင့်တပည့်တယောက်ပျောက်ဆုံးနေ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ဒေသခံလူထုတချို့အား သျှမ်းပြည်တပ်မတော်၏ အမာခံလူ ဟု ဆိုကာ လိုက်လံဖမ်းဆီးနှိပ်စက်မှုကြောင့် တုန့်ပြန်သည့်အနေဖြင့် မြန်မာစစ်အရာရှိတဦး နှင့် နောက်လိုက် တပည့် တဦးအား SSPP/SSA က ပြန်ပြေးဆွဲသွားကြောင်း ဒေသခံသတင်း ရပ်ကွက်ကပြောပါသည်။

မြန်မာအစိုးရစစ်သား
“မန်စံ မိန်းမု နဲ့ လားရှိုးမြို့ ကြားမှာ ပျောက်သွားတာ။ ဗိုလ်ကြီးသက်စိုး နဲ့ သူ့ တပည့်တယောက် ။  အခု ထက်ထိ ပြန်လွတ် လာပြီလို့ မကြားရသေးဘူး၊ ကျနော်တို့ ကြားရတာက လူထုကို ဒီအစိုးရတပ်က သျှမ်းတပ်ရဲ့အဆက်အသွယ် အမာခံလူဆိုပြီး ဖမ်းဆီးနှိပ်စက်တယ်။ အခုထိ ချုပ်နှောင်ထားတုန်းဘဲ၊ အဲဒီလူကို ပြန်လွှတ် ပေးဖို့ အဲဒီဗိုလ်ကြီးကို ပြန်ပြေးဆွဲသွားတာတဲ့” - ဟု အစိုးရစစ်တိုင်းရုံးနှင့် နီးစပ်သည့် ဘူတာရပ်ကွက်နေ တပ်ထွက်တဦးကပြောပါသည်။

ဩဂတ်စ် ၃၁ မွန်းလွဲ ၁၄:၀၀ နာရီအချိန် ခမရ ၃၂၂ မှ ဗိုလ်ကြီးသက်စိုးနှင့် ၎င်း၏နောက်လိုက်တပည့်တဦး အား အရပ်ဝတ်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ပြန်လည်လွှတ်ပေးရန် လားရှိုးရှိ သျှမ်းပြည် တပ်မတော် SSPP/SSA ၏ ကိုယ်စားလှယ်ရုံးတာဝန်ခံအား ရမခ စစ်တိုင်းရုံးက အကြောင်းကြားထားကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ကျနော်တို့လူထုကို ဗမာတပ်က ပြန်လွှတ်ပေးပါ့မယ်လို့ ကတိပေးလာလို့ မနေ့ကဘဲ ကျနော်တို့ လွှတ်ဖို့ အမိန့်ပေး လိုက်ပြီ။ လူထုက ဓါးစာခံဖြစ်နေလို့လေ။ စားပွဲပေါ် ညှိနှိုင်းဖို့လဲ မရောက်သေးဘူး။ ကျနော်တို့ ကို အစိုးရတပ်က ထိုးစစ်ဆင်ပြီးနောက်ပိုင်း နေစရာမရှိလို့ ကျနော်တို့ လှုပ်ရှားဖူးတဲ့နေရာဟောင်းကို ကျနော်တို့ ပြန်လှုပ်ရှားတယ်။ ကျနော်တို့ကို အဲဒီဒေသအတွင်း မလှုပ်ရှား စေချင်ရင် ကျနော်တို့နယ်မြေထဲလာရောက် တပ်စွဲထားတဲ့ အစိုးရတပ်တွေ ပြန်ရုပ်ပေးရမှာပေါ့” - ဟု SSPP/SSA ထိပ်ပိုင်း အရာရှိ တဦးကပြောပါသည်။

“ကျနော်တို့ လူထုက သေနတ်ပါလာတဲ့သူတိုင်းကို ကြောက်နေရတယ်။ ဗမာတပ်ဘဲမပြောနဲ့ မိမိလူမျိုးတခု တည်းဖြစ် တဲ့ သျှမ်း တပ်လာလဲကြောက်ရတာဘဲ။ အခု လယ်မဆင်းရဲကြဘူး။ ခြံလဲ မဆင်းရဲဘူး။ ရေရှည် ဘယ်လိုအသက်ရှင်ကြမလဲ” - ပိန်းလုံရွာ သားတဦးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA ၏ အမာခံလူဟုဆိုကာ အစိုးရတပ် ဖမ်းဆီးထား သူ နမ့်တောင်ကုန်း အုပ်စု ပိန်းထောန် ရွာသား စိုင်းကျော်အေး၊ နမ့်ပိုင်ရွာသား စိုင်းထွေးညွှန့် ၊ ပိန်းလုံရွာသား စိုင်းလ နှင့် စိုင်းတိန်း  တို့လေးဦး ကျန်ရှိနေသေးကြောင်း၊ စိုင်းလ နှင့် စိုင်းတိန်းနှစ်ဦးလုံးအား ခြေထောက်ကျိုး၊ မျက်လုံးပြူးထွက် သည်အထိ အစိုးရတပ်က ရိုက်နှက်ထားသောကြောင့် သေဆုံးပြီဟု ယူဆနိုင်ကြောင်း မန်စံ ရပ်မိရပ်ဖ တဦးကပြောပါသည်။

Most read this week