သျှမ်းပြည်မြောက်ပိုင်း ဝ ပြည်သွေးစည်းရေးတပ်မတော်မှပြုပြင် ဖောက်လုပ်နေသော မြို့တော်ပန်ဆန်းမှ နမ့်တစ်၊ မိုင်းမော၊ မန်းဆိုင်လမ်း လာမည့် နှစ်ပွင့်လင်းရာသီအပြီးဖောက်လုပ်ရန်ရှိပြီး တရုတ်ယွမ်ငွေ သန်းပေါင်း ထောင်နှင့်ချီကုန်ကျ ထားပြီဖြစ်ကြောင်း အရာရှိများအသိုင်းအဝိုင်းကပြောသည်။
“ ကျနော်တို့ ဘက်က လုပ်နေတာ တရုတ်ယွမ်ငွေ သန်းပေါင်းထောင်ချီ ကုန်နေပြီ။ မြို့တော်ပန်ဆန်းကနေ နမ့်တစ် -မိုင်းမော- မန်းဆိုင် -ပန်ဆန်း၊ပန်ဆန်း -မိုင်းပေါက်-ဟိုတောင်း လမ်းတွေပေါ့။
တချို့နေရာလဲပြင်တယ်တချို့နေရာလဲ ဖောက်တယ်။ ဒီလလယ် ပိုင်းကရောက်လာတဲ့ အစိုးရရဲ့ နတလ ဝန်ကြီးနဲ့အဖွဲ့က ဒီလမ်းဖောက်လုပ်ရေးမှာ အနည်းအကျဉ်း ကူညီသွားတယ်။ ကျပ် သိန်း ၄၀၀၀ လောက်ပေါ့” ဟု ဝ ပြည်သွေးစည်းရေးတပ်မတော်မှ အရာရှိတဦးက သျှမ်းသံတော်ဆင့် အားပြောပြ သည်။
ယနေ့ငွေလဲနှုန်းအရ တရုတ်ယွမ်ငွေ သန်းပေါင်း တစ်ထောင်သည် အမေရိကန်ဒေါ်လာ သန်း ၁၅၇ နှင့်ကိုက်ညီသည်။ မြန်မာအစိုးရမှ လမ်းဖောက်လုပ်ရေးအတွက်ထောက်ပံ့သော ကျပ်သိန်းပေါင်း ၄၀၀၀ သည် အမေရိကန်ငွေ ဒေါ်လာ ၄ သန်း၊ တရုတ်ယွမ်ငွေ ၂၄ သန်းဝန်းကျင် နှင့်ညီမျှပါသည်။
၎င်းနှင့်ဆက်စပ်၍ ယခုလ ၂၈ ရက်ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆုံဖူးရေအားလျှပ်စစ် ထုတ်လုပ်ရေးမှ လျှပ်စစ် ဓါတ်အားများကို ပန်ဆန်း-ဝိန်းကောဝ်-မန်းဆိုင်သို့ဖြန့်ဖြူးပေးသည်ဟူသည့် ကိစ္စကိုလည်း သျှမ်းသံတော်ဆင့် ကမေးမြန်း ရာတွင် အဆိုပါအရာရှိက- အော် ဒီရေအားလျှပ်စစ်ထုတ်လုပ်ရေးစက်က လည်း ကျနော်တို့ ဝ တပ်ဖွဲ့လုပ်ထား တဲ့ဟာဘဲ။ အရင့်အရင်ကတည်းက လျှပ်စစ်ဓါတ်အားကိုဖြန့်ဝေပေး နေတာဘဲ ။ သူတို့လာလည်ရုံသက်သက်ပါ- ဟု ဆိုပါသည်။
အဆိုပါ သတင်းစာတွင် နတလ ဝန်ကြီးက ဝ အထူးဒေသ ၂ အတွက် ထောက်ပံ့ငွေ ကျပ်သိန်း ၃၀၀ နှင့် ဆန်ဖိုးအတွက် ကျပ်သိန်း ၆၆၀ ထပ်မံ ထောက်ပံ့ပေးသည်ဟုလည်းပါရှိ သည်။
ဂျွန်လကလည်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် သည် မြောက်ကိုးရီးယားနိုင်ငံမှ သေနတ်မျိုးစုံ ကွန်တိန်နာ ၄၂ လုံးထက်မနည်းဝယ်ယူခဲ့သည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။