တရားရုံးစီရင်ဆုံးဖြတ်ချက်မပါဘဲ လက်နက်ချသူအား အကျဉ်းထောင်သို့ပို့

တရားရုံးစီရင်ဆုံးဖြတ်ချက်မပါဘဲ လက်နက်ချသူအား အကျဉ်းထောင်သို့ပို့
by -
သျှမ်းသံတော်ဆင့်

မကြာသေးခင်က အစိုးရထံ လက်နက်ချခဲ့သည့် ရွှေတြိဂံဒေသ မူးယစ်ရာဇာအမည်ရ စိုင်းနော်ခမ်း၏ ဒု-လက်ထောက် စိုင်းအောင်မြတ် အား တရားရုံးတော်မှ စီရင်ဆုံးဖြတ်ချက်မပါဘဲ ကျိုင်းတုံအကျဉ်း ထောင်သို့ ပို့ဆောင်လိုက်ကြောင်း ကျိုင်းတုံတရားရုံးအသိုင်းအဝိုင်းက ပြောပါသည်။

Jail

“တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့ ကျိုင်းတုံမှာဘဲ စောင့်ကြည့်နေတော့ စရဖမှူးက မလွှတ်ရဲသေးဘဲ ထောင်ထဲပို့လိုက်တာ။ တရားရုံးက ပြစ်ဒဏ်ချမှတ်တာတော့ မရှိဘူး” ဟု အမျိုးတော်စပ်သူတစ်ဦးက လည်း ပြောသည်။

စိုင်းအောင်မြတ်နှင့် ပတ်သက်၍ တရုတ်မှုခင်းဆိုင်ရာစုံစမ်းစစ်ဆေးရေးအဖွဲ့က ကျုင်းတုံစရဖမှူးအား မကြာခဏ သွားရောက်မေးမြန်းနေသဖြင့် စရဖမှူး ဗိုလ်မှူးကျော်ထက်အောင် က စိုင်းအောင်မြတ်အား ရုံး၌မထားတော့ဘဲ ကျိုင်းတုံထောင်သို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ကျိုင်းတုံရဲစခန်း အသိုင်းအဝိုင်း က ဆို၏။

“စီရင်ချက်ချတာလည်း မရှိတော့ သူတို့(ထောင်မှူး)လည်း ဘာလုပ်ရကောင်းမှန်းမသိဘူး။ စရဖမှူးက လာအပ်ထားလို့တာ လက်ခံထားတယ်။ စစ်ဆေးတာတွေတော့ မရှိဘူးလို့ ထောင်မှူးက ပြောတယ်။ အကျဉ်းသားတွေလိုဘဲ ထောင်ထဲမှာ နေထိုင်စားသောက်နေရတယ် ” ဟု ထောင်မှူးမိသားစုနှင့် နီးစပ် သူတဦးက ပြောပါသည်။

နေပြည်တော်က စိုင်းအောင်မြတ်အား လွတ်လွပ်လပ်လပ်သွားလာခွင့်ရှိကြောင်း၊ တရားရုံးတော်မှ ပြစ်ဒဏ်တစုံ တရာ စီရင်ချက်မချခံရဘဲ ထောင်သွင်းအကျဉ်းချခံနေရသည်မှာ မဖြစ်သင့်ကြောင်း နိုင်ငံရေးပါတီဝင်တဦးက လည်း ပြောသည်။

“မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံ ဖြစ်ပြီလို့တာပြောနေတာ။ တရုတ်တွေကိုကြောက်ပြီး လက်နက်ချ အညံ့ခံပြီးသား ကိုယ့်နိုင်ငံသားကို အကြောင်းမဲ့ ထောင်ထဲပို့ ထားတာတော့ မဖြစ်သင့်ဘူး။ ဒါကြောင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီနဲ့ အလှမ်းဝေးနေတုန်းဘဲလို့ သုံးသပ်ရတယ်။”

တြိဂံဒေသ မူးယစ်ရာဇာ အမည်ရ စိုင်းနော်ခမ်း အဖမ်းခံရပြီးနောက် ၎င်း၏ ဒု-လက်ထောက် စိုင်းအောင်မြတ် ဦးဆောင်သည့်အဖွဲ့က မေလလယ်၌ တာချီလိတ်မြို့ အစိုးရစစ်တပ်ထံ လက်နက်ချခဲ့ သည်။ မဲခေါင်မြစ်အတွင်း တရုတ် ၁၃ ဦး သတ်ဖြတ်ရာတွင် စိုင်းအောင်မြတ် ကိုယ်တိုင်ပါဝင်ခဲ့သည်ဟု သတင်းများထွက်ပေါ်နေသဖြင့် ၎င်းအဖွဲ့သားများကိုသာ လွှတ်ပေးပြီး စိုင်းအောင်မြတ်အား ယနေ့တိုင် ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သည်။

Most read this week