သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦး ကျန်းမာရေး ပြန်လည်စစ်ဆေးရန် ဆရာဝန် ချိန်းချက်အတိုင်း ယနေ့ညပိုင်း ရန်ကုန်မြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့တော်သို့ ခရီးထွက်ခွာမည်ဖြစ်သည်ဟု ပါတီပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။
“ဆရာဝန် က ကျနော်တို့ဥက္ကဌ ခွန်ထွန်းဦး ကို သောက်ဆေးနဲ့ တခြားကျန်းမာရေးဆိုင်ရာ လေ့ကျင့်ခန်း ပြုလုပ်ဖို့ တလ စမ်းကြည့်ခိုင်းတယ်။ တလပြည့်ရင် ဆရာဝန်ကိုပြန်ပြဖို့ မှာထားတယ်။ အဲဒါကြောင့်ဘဲ ထိုင်းကိုပြန်သွားတာပါ။ တခြားကိစ္စ မရှိပါဘူး” - ဟု SNLD ပြောခွင့်ရ စိုင်းလိတ်က ပြောပါသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးသည် ယနေ့ည ၁၉း၄၅ နာရီ အချိန် TG 360 ဖြင့် ရန်ကုန်မှ ဘန်ကောက်သို့ ခရီးထွက်ခွာမည်ဖြစ်ကြောင်း၊ ဘန်ကောက်သို့ ၂၁း၄၀ နာရီခန့် ရောက်ဖွယ်ရှိကြောင်း ခွန်ထွန်းဦးနှင့် အနီးကပ်နေထိုင်သူ လိုက်ပါပြုစုသူတဦးကပြောပါသည်။
“ခွန်ထွန်းဦး ရဲ ့ကျန်းမာရေးက ကောင်းပါတယ်။ အရင်ကထက်စာရင် သွားလာလှုပ်ရှားတာ ပိုပေါ့ပါး သွက်လက်လာတယ်။ ကိုယ်အလေးချိန်လဲ ပေါင်ချိန် ၃၀ နီးပါး ကျသွားတယ်၊ ဘန်ကောက်က ဆရာဝန် ပြောတဲ့နည်းနဲ့ လေ့ကျင့်တော့ ညဆိုလဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်တယ်” - ဟု ထိုင်းနိုင်ငံသို့ ခွန်ထွန်းဦးနှင့်အတူ လိုက်ပါမည့် ပါတီဆက်ဆံရေးဌာနမှ စိုင်းအောင်သိန်း က ပြောပါသည်။
သျှမ်းခေါင်းဆောင်ခွန်ထွန်းဦးသည် ထောင်ဒဏ်နှစ်ရှည်ကျခံရစဉ်မှစ၍ အရိုးကျည်းပေါင်ရောဂါ၊ ခါးနာဝေဒနာ၊ ထောင်တွင်း၌ ချော်လဲဖူးသောကြောင့် ဒူးနာဝေဒနာ ခံစားရသည့်အပြင် အစာအိမ်နာ၊ ဆီးကျိတ်နာစသည့် ရောဂါများခံစားနေရာမှသက်သာ လာသည်ဟု SNLD ပါတီဝင်များက ပြောကြပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ခွန်ထွန်းဦးသည် အမျိုးသားညီလာခံ လက်မခံသောကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဦးဆောင်သည့် အာဏာရစစ်အုပ်စုက သျှမ်းခေါင်းဆောင် ၈ ဦးနှင့်အတူ ၂၀၀၅ နှစ်ဦးပိုင်းက ဖမ်းဆီးချုပ်နှောင်ပြီး ထောင်ဒဏ် ရ၉ - ၁၀၆ အထိ အသီးသီး ပြစ်ဒဏ်ပေးခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲမှ သမ္မတဖြစ်လာသည့် ဦးသိန်းစိန်၏ လွှတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ယခုနှစ်ဆန်းပိုင်းက ပြန်လည် လွတ်မြောက်ပြီး ပါတီပြန်လည်တည်ထောင်ခွင့်ရကာ လက်ရှိမှာလည်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ၏ ဥက္ကဌ ရာထူး တာဝန်ထမ်းဆောင်နေသူဖြစ်ပါသည်။