သျှမ်းပြည်တိုးတက်ရေးပါတီ ၄၁ နှစ်ပြည့်အခမ်းအနား ပါတီဝင် ၄၀၀ ကျော်တက်ရောက်

သျှမ်းပြည်တိုးတက်ရေးပါတီ ၄၁ နှစ်ပြည့်အခမ်းအနား ပါတီဝင် ၄၀၀ ကျော်တက်ရောက်
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ထူထောင်ခြင်း ၄၁ နှစ်ပြည့်အခမ်းအနားတရပ်ကျင်းပရာမှာ ပါတီဝင် အင်အား ၄၀၀ ကျော်တက်ရောက်သည်ဟု သိရပါသည်။

 SSA ၏ ၄၈ နှစ်မြောက်အခမ်းအနား၌တွေ့ရသော SSPP ခေါင်းဆောင်များ (ဓါတ်ပုံ- SSPP)
“အခမ်းအနားက ထွေထွေထူးထူးမလုပ်ဘူး။ နံနက်ဆွမ်းကပ်တယ်။ နေ့လည်စာ အတူစားတယ်။ ကျနော်တို့ နာယက ကြီး ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲန် က အမှာစကားပြောတယ်။ တပ်ထု ကိုယ်စားလှယ် လူထုကိုယ်စားလှယ် တွေ အမှာစကားပြောတယ်။ ဒါတွေပါဘဲ” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါ သည်။

ဩဂတ်စ် ၁၆ ရက် ယနေ့ ကျရောက်သော သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ထူထောင်ခြင်း ၄၁ နှစ်ပြည့် အခမ်းအနားအား ဌာနချုပ်ဝမ့်ဟိုင်း၌ ကျင်းပခဲ့ကြောင်း၊ လူထု တပ်ထု ပါတီဝင်အင်အား ၄၅၃ ယောက် တက်ရောက်ခဲ့ကြောင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးဆေထဲန်က သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ဖြစ်ပေါ်လာမှု သမိုင်း နှင့် ဖြတ်သန်းလာခဲ့ရသည့် အခက်အခဲများအား ပြန်လည်သုံးသပ်ပြခဲ့ကြောင်း၊ အမျိုးသားရေး အတွက် ရပ်တည်ချက်ခိုင်ခိုင်မာမာဖြင့် သတိဝိရိယကြီးကြီးထားကာ ရှေ့ဆက်ခရီးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ဌာနချုပ်အရာရှိကြီးတဦးက သျှမ်းသံတော်ဆင့်သို့ပြန်လည်ပြောပြပါသည်။

“အခုတော့ ဦးသိန်းဇော်လည်း မဆက်သွယ်လာဘူး တွေ့ဆုံဖို့တွေလဲ ဘာမှ မရှိဘူး။ တိုက်ပွဲတွေလဲ မရှိပါဘူး။ ငြိမ်နေပါတယ်” - ဟု ပြောခွင့်ရ ဗိုလ်မှူးစိုင်းလ ကပြောပါသည်။

သျှမ်းပြည်တပ်တော် SSA ကို မြန်မာနိုင်ငံ၏ပထမဆုံးသမ္မတ ယောင်ဟွေ့(ညောင်ရွှေ)စော်ဘွားကြီး စဝ်ရွှေသိုက်၏ ဇနီး မဟာဒေဝီ စဝ်နန်းဟိန်းခမ်းက ဦးဆောင်ပြီး ၁၉၆၄ ခုနှစ် က စတင်ဖွဲ့စည်းခဲ့ပါသည်။ သျှမ်းပြည်တိုးတက်ရေးပါတီ SSPP ကိုမူ မဟာဒေဝီ စဝ်နန်းဟိန်းခမ်း၏သား စဝ်စန့်ယောင်ဟွေ့နှင့် စဝ်ဆိုင်စစ် ခေါ် ခွန်ကြာနုတို့က ဦးဆောင်ပြီး ၁၉၇၁ တွင်ဖွဲ့စည်းခဲ့ပါသည်။