သက်တော် ၈၀ ပြည့် ထိုင်းဘုရင်မင်းမြတ်၏ မိဘုရားကြီးမွေးနေ့ ထိုင်းရောက်သျှမ်းများဂါရဝပြု

သက်တော် ၈၀ ပြည့် ထိုင်းဘုရင်မင်းမြတ်၏ မိဘုရားကြီးမွေးနေ့ ထိုင်းရောက်သျှမ်းများဂါရဝပြု
by -
သျှမ်းသံတော်ဆင့်

ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဘန်ကောက်ရောက် သျှမ်းများက စာပေယဉ်ကျေးမှုအဖွဲ့ ဦးဆောင်မှုဖြင့် ဆိုင်ရာမြို့ နယ်၌ ကျင်းပသည့် ထိုင်းနိုင်ငံ အမေများနေ့ (ထိုင်းမိဘုရားမွေးနေ့) အခမ်းအနားသို့  ထိုင်းလူထုနှင့်အတူ တက်ရောက်ဂါရဝပြုခဲ့ကြပါသည်။

Mao Langhkur facebook)
“ကျေးဇူးသိတတ်ရမယ်လေ၊ ကုသိုလ်လဲရပါတယ်။ ထိုင်းမိဖုရားကြီးအတွက်လဲ ဆုတောင်းပေးတယ်။ မိမိ ရဲ့မွေးမိခင်ကိုလဲ အောက်မေ့သတိရရင်းပေါ့” - ဟု ချင်းမိုင်ရောက် သျှမ်းပြည်တောင်ပိုင်း လဲချားမြို့ခံ နန်းမွေခမ်း ကပြောပါသည်။

ဩဂတ်စ် ၁၂ ရက်နေ့၌ ကျရောက်သော ထိုင်းမိဖုရားကြီး၏ သက်တော်နှစ် ၈၀ ပြည့် အခမ်းအနားအား ထိုင်း နိုင်ငံအနှံ့ မြို့နယ်အသီးသီးက ကျင်းပခဲ့ကြပါသည်။ ထိုင်းဘုရင် နှင့် ထိုင်းမိဖုရားကြီးမှာမူ သက်ကြီးရောဂါ ကြောင့် ဆေးရုံတက်နေရ၍ အခမ်းအနားမတက်နိုင်ကြောင်း၊ ထိုင်းလူထုက ၎င်းတို့၏ ဓါတ်ပုံကိုသာ ဂါရဝ ပြုခဲ့ကြရကြောင်း ဘန်ကောက်ရောက် စိုင်းနောင့်က ပြောပါသည်။

“ကျနော်တို့ ထိုင်းနဲ့က ဘာသာစကားအရ ဆင်တူတယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ခေတ်ကြီးမှာ ထိုင်းနိုင်ငံက ခေတ် အလိုက်သုံးတဲ့ ဝေါဟာရတွေ၊ တခြားသော ဘာသာစကားကနေ မွေးစားသုံးနှုန်းလာတဲ့ စကားတွေရှိလာ တယ် ဆိုပေမယ့် ၅၀% လောက်တောင် တူနေသေးတယ်။ သမိုင်းအရဆို ကျနော်တို့က လူမျိုးတခုထဲပဲ။ ဒီမှာ အမှီအခိုလာပြုတယ်။ အေးအေးချမ်းချမ်းနေရတယ်။ ဒီတော့ ထိုင်းဘုရင်ကို ဂါရဝပြုတာ လုပ်သင့်တဲ့ လုပ်ထိုက်တဲ့ လုပ်ရပ်ပါဘဲ” - ဟု စိုင်းနောင့်ကပြောပါသည်။

ထိုင်းဘုရင် နှင့် မိဖုရားကြီးသည် ထိုင်းလူထုအား သဘာဝ စိုက်ပျိုးမွေးမြူရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း ရှေ့တန်းတင်ကာ ‘ရောင့်ရဲတင်းတိမ်’ တတ်သည့် စိတ်ထားမွေးကြရန် အားပေး၏။ ကျေးလက်၊ နယ်စပ် ရပ်ရွာတိုင်း ကွင်းဆင်းကြည့်ရှုကာ လူထုအား ကူညီထောက်ပံ့၊ အားပေးစကားပြောခဲ့၏။ ထို့ကြောင့် ထိုင်း လူထု သန်းပေါင်း ၆၀ ကျော်က ၎င်းတို့အား ကျေးဇူးရှင် အဖေ အမေ ဟု တင်စားခေါ်ကြခြင်း ဖြစ်ပါသည်။

ထိုင်းမိဖုရားကြီး သက်တော် ၈၀ ပြည့်အထိမ်းအမှတ်အဖြစ် ငွေစက္ကူ ဘတ် ၈၀ တန် နှင့် ထိုင်းအိမ်ရှေ့ မင်းသား သက်တော် ၆၀ ပြည့် အထိမ်းအမှတ်အတွက် ဘတ် ၆၀ တန်ကိုလည်း ထိုင်းဗဟိုဘဏ်က အမှတ် တရ သိမ်းဆည်းနိုင်ရန်အတွက် ထုတ်ဝေခဲ့ပါသည်။

ထိုင်းမိဖုရားကြီး၏ မွေးနေ့အား ထိုင်းနယ်စပ်နေ သျှမ်းလူမျိုးများကလည်း အခမ်းအနားဖြင့် ဂါရဝ ပြုကြသည်ဟု သိရှိရပါသည်။