မပြီးပြတ်သည့် မြို့ပတ်လမ်းစီမံကိန်း မူဆယ်ဒေသခံများ အခက်တွေ့

မပြီးပြတ်သည့် မြို့ပတ်လမ်းစီမံကိန်း မူဆယ်ဒေသခံများ အခက်တွေ့
by -
သျှမ်းသံတော်ဆင့်

မူဆယ်ဒေသဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအချို့ လုပ်ကိုင်ခွင့်ရထားသည့် သိန်းသန်းချီ ကုမ္ပဏီ၏ မပြီး ပြတ်သည့် မြို့ပတ်လမ်း ဖောက်လုပ်ရေး စီမံကိန်းကြောင့် မူဆယ်ဒေသခံများ အခက်အခဲများ ရင်ဆိုင် နေရကြောင်း သိရှိရပါသည်။

HL/SHAN)
“မြို့ပတ်လမ်းကို ၆ လနဲ့အပြီး ပြန်ဖောက်မယ်လို့ ပြောထားတယ်။ အခု ၁ နှစ် ကျော်ပေမဲ့ မပြီးသေး ဘူး။ လမ်းပြင်နေတော့ လေးလံတဲ့ ကုန်တင်ကားကြီးတွေ မြို့ထဲကို ဝင်မောင်းတော့ လမ်းတွေလည်း ပျက်ကုန်ပြီ။ လမ်းလွှဲတွေ၊ ကွင်းလမ်းတွေ လုပ်ထားတာကြောင့် မြို့တွင်းလမ်းပေါ်မှာ ယာဉ်ကြောပိတ် ဆို့တာလည်း ခဏခဏ ဖြစ်တယ်” ဟု မူဆယ်ဒေသခံတစ်ဦးက ပြောပါသည်။

မူဆယ်မြို့ပတ်လမ်းကို သျှမ်းပြည်နယ် အစိုးရက တင်ဒါခေါ်ယူခြင်းမရှိဘဲ သိန်းသန်းချီ ကုမ္ပဏီကို လုပ် ပိုင်ခွင့်ပေးထားပြီး ၂၀၁၁ ခုနှစ်ကတည်းက ဆောက်လုပ်နေခြင်းဖြစ်ကြောင်း၊ အရှည် ၂ မိုင် ၃ ဖာလုံ၊ ကွန်ကရစ်ထု ၁ ပေ၊ နိုင်လွန်ကတ္တရာထု ၁ လက်မ၊ လမ်းအကျယ် ၂၄ ပေ၊ တဖက်လျှင် ရေမြောင်း အကျယ် ၂ ပေ၊ အနက် ၃ ပေကို ၆ လအတွင်း အပြီးဖောက်လုပ်မည်ဖြစ်ကြောင်း ဆို၏။

“လမ်းကွန်ကရစ်ထု ၁ ပေ မပြည့်သလို အကျယ် ၂၄ ပေလည်း မရှိဘူး။ ရေမြောင်းလည်း အရှည်ပေ ၂၀၀ လောက်ဘဲ ဖောက်ထားတယ်။ အကျယ် ၂ ပေ အနက် ၃ ပေလည်း မပြည့်ဘူး။ လမ်းပေါ်နိုင် လွန် ကတ္တရာခင်းထားတာလည်း မရှိဘူး။ ပွင့်လင်းမြင်သာမှု မရှိဘူး” ဟု ၎င်းက ဆက်ပြောပါသည်။

စီမံကိန်းအတွက် ပစ္စည်းသိုလှောင်ဂိုဒေါင် ဆောက်လုပ်ရန်ဟု အကြောင်းပြ၍ မြို့ပတ်လမ်းဘေးရှိ မူဆယ်ခရိုင် ပြည်သူ့ဆေးရုံ တည်ဆောက်မည့် မြေ ရ ဧကကျော်မှ ၃.၈ ဧကကို သျှမ်းပြည်နယ်အစိုးရမှ ၁၀ နှစ် အသုံးပြုခွင့်ရထားကြောင်း၊ သို့သော် သိန်းသန်းချီ ကုမ္ပဏီမှ ဦးကျော်ဝင်း က မြေ ၃.၈ ဧက ကို တစ်ဧကလျှင် ကျပ်သိန်း ၈၀၀၀ ဖြင့် ရောင်းချနေကြောင်း မူဆယ်ဒေသခံများက ဆို၏။

တဖက်၌လည်း မြေ ၁၂ ဧက ကျယ်ဝန်းသည့် အဝေးပြေးယာဉ်ရပ်နားစခန်းတည်ဆောက်ရန် စီမံကိန်း ကို သိန်းသန်းချီ ကုမ္ပဏီအား ပေးအပ်သွားမည်ဟု သိရကြောင်း၊ မြို့ပတ်လမ်းနှင့် အဝေးပြေးယာဉ် ရပ်နားစခန်း တည်ဆောက်ခွင့်ရရန် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော် မှ ထောက်ခံလက်မှတ်ရေးထိုးပေး ကြောင်း၊ မြေ ၁၂ ဧကနှင့် တည်ဆောက်ရေးတွင်ပါဝင်သည့် ဆိုင်ခန်း များကို တင်ဒါခေါ်ယူသည့် ၂၀၁၂ မတ်လ မတိုင်ခင် ဦးကျော်ဝင်း က စီမံကိန်းလုပ်ငန်း မရရှိပါက တန်ဖိုးငွေ ၅ ဆ ပြန်ပေးလျော်မည်ဟု ကြွေးကြော်ထားကြောင်း မူဆယ်ကုန်သည်တစ်ဦးက ပြောပါ သည်။
မြို့ပတ်လမ်းကြောင်းပြ မြေပုံ
“မူဆယ်မြို့ကို ထင်ရာစိုင်း လုပ်ချင်တိုင်းလုပ်နေတဲ့  သိန်းသန်းချီ ကုမ္ပဏီက မြို့ပတ်လမ်းတည် ဆောက်နေတာကို ပြန်လည်စိစစ်ပေးဖို့၊ အဝေးပြေး ယာဉ်ရပ်နားစခန်းတည်ဆောက်တာ သိန်းသန်းချီ ကုမ္ပဏီကို ပေးသင့်/မပေးသင့် စိစစ်ပေးဖို့ မူစယ်ဒေသခံတွေက လိုလားကြတယ်” ဟု ခေတ်ပညာတတ် မူဆယ်လူငယ်တစ်ဦးက ပြောပါသည်။

သိန်းသန်းချီကုမ္ပဏီမှ ဦးကျော်ဝင်းသည် သမ္မတကြီးနှင့် ရင်းနှီးကျွမ်းဝင်သူဖြစ်ကြောင်း၊ မောက်မာစွာ ပြောဆိုတတ်ခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများအား “တိုင်ချင်ရာတိုင် ဂရုမစိုက်ဘူး” ဟု ခြိမ်းခြောက် ပြောဆိုခြင်းကြောင့်  မူဆယ်ဒေသခံများ မကျေနပ်ဖြစ်နေသည်ဟု မူဆယ်ဝန်ထမ်းတစ်ဦးက ပြောပါ သည်။