ယခုလ ၂၀ ရက်နေ့က ဗန်းမော်ဆိပ်ကမ်း၌ လူအမြောက်အများ သေဆုံးခဲ့ရသည့် မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ် နစ် မြုပ်မှု အပေါ် မကျေနပ်သည့် ဗန်းမော်မြို့ခံကျောင်းသားများက “မရဏရှပ်ပြေး” ခေါင်းစဉ်ဖြင့် ကာတွန်း သရုပ်ဖေါ် လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။
ဂျူလိုင် ၂၄ ရက်နေ့ နံနက်အစောပိုင်းက ဗန်းမော်မြို့ လူစည်ကားရာ နေရာတချို့တွင် တိုးတိုးတိတ်တိတ် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး မြို့ခံတချို့ အဆိုပါ လက်ကမ်းစာစောင်များ လက်ခံရရှိခဲ့ကြောင်း သိရသည်။
လက်ကမ်းစာစောင် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် မြို့ခံတစ်ဦးက “ရှပ်ပြေးရေယာဉ်တွေကို မစီးကြဖို့ လှုံ့ဆော်ထားတဲ့ လက်ကမ်းစာစောင်ပေါ့ နော်၊ ခေါင်းစဉ်မှာတော့ မရဏရှပ်ပြေး ဆိုပြီး ရေးထားတယ် အဲဒီအောက်မှာ ရှပ်ပြေးရေယာဉ်ပုံ အရိုး ခေါင်းတံဆိပ်နဲ့ပေါ့ ရေယာဉ်ပေါ်မှာ လည်း လူတွေကုန်တွေအပြည့်တင်ထားတာပေါ့ ရေအောက်မှာတော့ ငါးလေးတွေက စကားပြောနေတယ် ဒီရှပ်ပြေးက ဗန်းမော်ကနေသွားတဲ့ အခါ မှောင်ခိုကုန်တွေသယ်တယ်၊ ကသာကနေပြန်လာရင် သစ်တွေတင်လာတယ်ဆိုပြီး ပြောနေတာပေါ့နော် ” ဟု သူက ဆိုသည်။
မြစ်ကြီးနားမြို့၌ ကျင်းပမည့် ကျောင်းပေါင်းစုံ ဘော်လုံးပွဲ ကစားရန် ဗန်းမော်မြို့ ကျောင်းသား လက်ရွေးစဉ် အသင်းမှ ၂၂ ဦး အဆိုပါရေယာဉ် နှင့် လိုက်ပါသွားသည့် အနက် ကျောင်းသား ၅ ဦး၊ နည်းပြတစ်ဦး စုစုပေါင်း ၆ ဦး ရေနစ် သေဆုံးခဲ့ရသည့် အပေါ် မကျေမနပ် ဖြစ်နေကြောင်း သိရသည်။
“အဲဒီနေ့က တခြားသဘောင်္တွေလည်းရှိရဲ့သားနဲ့ ဒီရှပ်ပြေးနဲ့မှ ထည့်လိုက်တယ်ဆိုပြီး ကျောင်းသားတွေက မကျေနပ်ကြဘူး၊ သေဆုံးသွားတဲ့ ကျောင်းသားတစ်ယောက်ကို ၅ သိန်းလျှော် ကြေးပေးတယ်၊ ကျောင်းသားတွေက လက်မခံဘူး” ဟု စောစောက မြို့ခံက ဆိုသည်။
ဗန်းမော်မြို့မှ မြစ်ကြီးနားတွင် အဆင့်မြင့် Nurse သင်တန်းတက်မည့် အဖွဲ့လည်း ၄င်းရှပ်ပြေးနှင့် လိုက်ပါသွားရာ ၄င်း အဖွဲ့တွင် ၂ ဦးခန့်သာ အသက်ရှင်လွတ်မြောက်ခဲ့ကြောင်း သိရသည်။
အသက်ရှင်လွတ်မြောက်လာသူ တစ်ဦးနှင့် နီးစပ်သူတစ်ဦးက “ လိုက်သွားတဲ့ သူတွေအပြောအရပေါ့နော် ဒီဆိပ်ကမ်းနား မှာ မြုပ်သွားတာ ခပ်ကောင်းကောင်းပေါ့ မဟုတ်ရင်လည်း ဒီရှပ်ပြေးက တစ်နေရာရာမှာ မြုတ်မှာပဲတဲ့ လူတွေရော ကုန်တွေရော အပြည့်တင်ထားတာလို့ ပြောတယ်၊ ကျောက်တွင်း (မြစ်ကျဉ်း) လောက်မှာ မြုပ်ရင် အဲဒါလူမသိသူမသိ လက်စတုန်းသွားမှာတဲ့” - ဟု ဆိုသည်။
ယခင်ကလည်း ဗန်းမော်မြို့နယ် စင်းခမ်းကျေးရွာ အောက်ဘက်ရှိ မြစ်ကျဉ်းအတွင်း ရေယာဉ်များ နစ်မြုပ်ခဲ့ဖူးရာ လူမသိသူမသိဖြင့်လူရာ ကျော် သေဆုံးခဲ့ဖူးသည်ဟုဆိုသည်။
ယခုရေယာဉ်နစ်မြုပ်မှုတွင် ရေယာဉ်ပေါ်လိုက်ပါသူ လူဦးရေ ၁၂၀ ဦးခန့်ရှိသည့် အနက် သေဆုံးသူ ၃၇ ဦးခန့်ရှိကြောင်း ရုပ်အလောင်း ၁၅ လောင်း ပြန်လည်ရှာဖွေတွေ့ရှိရကြောင်း သိရသည်။