သျှမ်းပြည်မြောက်ပိုင်း ပိုက်လိုင်းစီမံကိန်းမှ လုပ်သားများ လုပ်အားခမရရှိ

သျှမ်းပြည်မြောက်ပိုင်း ပိုက်လိုင်းစီမံကိန်းမှ လုပ်သားများ လုပ်အားခမရရှိ
by -
သျှမ်းသံတော်ဆင့်

ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသို့ ဝင်ရောက်အလုပ်လုပ်ကိုင်ကြသော သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စုမှ ဒေသခံများ လုပ်အားခမရရှိကြောင်း သိရှိရပါ သည်။

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
“လုပ်အားခ သွားထုတ်ရင် ဟိုတယောက်မှာသွားထုတ်၊ ဒီတယောက်မှာသွားထုတ်ဆိုပြီး  တယောက်ကို တယောက် လွှဲချနေကြတယ်။ ဘယ်သူ့ဆီမှ မရဘူး။ တချို့က ရမယ်နိုးနိုးနဲ့ ဆက်ပြီး အလုပ်လုပ်နေ ကြတာ ရှိသလို တချို့လည်း စိတ်ဓာတ်ကျပြီး အရှုံးခံလိုက်တာလည်း ရှိတယ်” ဟု မိုင်းဝီးလုပ်သား တစ်ဦးက ပြောပါသည်။

မိုင်းဝီးဒေသ ပိုက်လိုင်းစီမံကိန်း လုပ်ငန်းခွင် အပိုင်း(၈)၌ တရုတ်နိုင်ငံသား ယုံ့ထျောင့်လျန့် က ဦးစီးဆောင် ရွက်နေကြောင်း၊ မိုင်းဝီးဒေသခံ အယောက် ၃၀ ထက်မနည်း သွားရောက်လုပ်ကိုင်ကြောင်း၊ အလုပ်ပေါ်မူ တည်၍ တစ်နေ့လုပ်အားခ ကျပ် ၃၀၀၀ မှ ၅၀၀၀ ထိ ရရှိကြောင်း၊ လုပ်အားခ မရရှိသည် မှာ ၃ လခန့်ရှိပြီဖြစ်ကြောင်း ၎င်းကဆို၏။

တဖက်၌လည်း မိုင်းဝီးဒေသခံတို့ သောက်ရေ၊ သုံးရေအဖြစ် နေ့စဉ် အသုံးပြုနေသော နမ့်မန်လုံ၊ နမ့်လင်းလုံ၊ နမ့်ကင်လီ၊ နမ့်လိန်ကောဝ့် စသည့် ချောင်းရေများ စီမံကိန်းကြောင့် နောက်ကျိကုန်သဖြင့် သောက်သုံးရေ အတွက် အခက်အခဲတွေ့နေကြောင်း မိုင်းဝီးဒေသခံတစ်ဦးက ပြောပါသည်။

“ကျနော်တို့က ဒီချောင်းရေတွေကိုပဲ သောက်ရေ သုံးရေအဖြစ် အားကိုးနေရတာ။ အရင်တုန်းကဆို ဒီချောင်းရေတွေ ကြည်လင်အေးမြနေတာဘဲ။ အခုတော့ ချောင်းဖျားမှာ ပိုက်လိုင်းဖြတ်သွားတော့ သုံးမရအောင် နောက်ကုန်တယ်။”
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီးကျေးရွာအုပ်စု(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)
လုပ်ငန်းခွင်သုံးကားကြီးများမှာ အစိုးရ အထက်တန်းကျောင်းနှင့် တရုတ်ကျောင်းသွားလမ်းကို အသုံးပြု ကြောင်း၊ ထိုကားကြီးများ သွားလာမှုကြောင့် ပျက်စီးကုန်ကြောင်း ၎င်းကဆက်ပြောပါသည်။ “တရုတ် ကျောင်းသွားလမ်းကို့ သဲတွေ၊ မြေကြီးတွေနဲ့ဖို့ပြီး ပြန်ပြင်ပေးတယ်။ အစိုးရကျောင်းသွားလမ်း ကျတော့ မပြင်ပေးဘူး။ မိုးရာသီရောက်လာတော့ ပွတ်တွေထပြီး ကလေးတွေ ကျောင်းသွားရတာ အရမ်းခက်တယ်။”

ဒေသခံအာဏာပိုင်များ၊ ပိုက်လိုင်းစီမံကိန်းမှ အကြီးအကဲများက မိုင်းဝီးဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲကို ဖြေရှင်းပေးခြင်း မရှိကြောင်း သိရှိရပါသည်။

Most read this week