သျှမ်းကျေးလက်များ စစ်တပ်၏လူအခွင့်အရေးချိုးဖောက်ခြင်းခံနေရဆဲ

သျှမ်းကျေးလက်များ စစ်တပ်၏လူအခွင့်အရေးချိုးဖောက်ခြင်းခံနေရဆဲ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်အလယ်ပိုင်း မိုင်းနောင်မြို့နယ်ခွဲ လယ်မြေအသိမ်းခံရ လယ်သမားများနှင့် ခရီးသည်တင်ကားများ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်ခြင်းခံနေရဆဲဖြစ်ပြီး လွှတ်တော်ရောက် နိုင်ငံရေးပါတီ၏ အမတ်များထံမှ ကူညီဖြေရှင်း မှုမရသေးကြောင်းဒေသခံများကပြောသည်။

ဂိတ်စောင့်အစိုးရတပ်ထိန်းတဦး(ဓါတ်ပုံ-သျှမ်းသံတော်ဆင့်)

“ ဂျွန်လ ၂၉ ရက်ကစပြီး ကျမတို့မိုင်းနောင်က တရပ်ကွက် လယ်ထွန်စက်တစီးစီ ဆင့်ခေါ်တယ်။ စစ်တပ်လယ်ကို ထွန်ယက် ပေးဖို့။ ဆင့်လာတုန်းက  ၄ ရက်စာယူမယ် လို့ပြောတယ်။ ဒါပေမယ့် ၈ ဧကစာထွန်မယ်ဆိုတော့ မပြီးမချင်းလို့တော့ ထင် တာဘဲ။ အဲဒီ ၈ ဧကကလည်း ဟိုး လွန်ခဲ့တဲ့ ၈ နှစ်ကတည်းက စစ်တပ်အတွက်ဆိုပြီးတော့ လူထုဆီကသိမ်းယူထားတဲ့ လယ်တွေဘဲ” ဟု မိုင်းနောင်ဒေသခံ ပါ့နန်းခမ်း ကပြောသည်။

အဆိုပါတပ် လယ်ယာမြေများအား ဒေသခံလူထုမှ နှစ်စဉ်နှစ်တိုင်း ဆန်စပါးနှင့် အခြားသီးနှံများ လုပ်အားပေး စိုက်ပျိုး ပေးခဲ့ရသည်။ ယခုလည်း လယ်ထွန်စက်များဆင့်ခေါ်ရာတွင် စက်သုံးဆီကိုပါ ဒေသခံလူထုမှစိုက် ထုတ် နေရကြောင်း ၎င်းက ဆက်လက်ပြောပြ သည်။

“ စက်သုံးဆီက ၁ ဂါလံ ၅၀၀၀ ကနေ ၅၅၀၀ ရှိတယ်။ စက်လဲပေးရ စက်သုံးဆီလဲ ကိုယ့်ဟာကို ဝယ်ထဲ့ရ တယ်။ ဘာလဲ - သမ္မတ သစ်ရှိပြီတဲ့။ စစ်တပ်အတွက် လုပ်အားပေးက ခုထိပေးနေရတုန်းဘဲ” - ဟု ရပ်ကွက်၄ မှ ဒေသခံ စိုင်းဆိုင်က ပြောသည်။

စစ်တပ်က တပ်လယ်ဖြစ်သည့် မြို့မကွင်း၊ နားကန်းကွင်း လယ်များအတွက် ချောင်းအားဖြတ်ပိတ်ကာ ရေလွှဲယူကုန်ကြောင်း ဒေသခံ လယ်သမားများ မိမိလယ်အတွက် ရေအခက်အခဲ ကြုံတွေ့နေရကြောင်း စိုင်းဆိုင်က ဆက်လက်ပြောပြသည်။

အလားတူ လဲချားမြို့အသွား မိုင်းနောင်မြို့အထွက်လမ်း(ဂိတ်) ၌ မိုင်းနောင်အခြေစိုက်  ခလရ ၂၈၆ မှ တပ်ကြပ် ဝင်းညွန့်ဦးကလည်းကောင်း၊ မိုင်းရှူးမြို့သို့အထွက်(ဂိတ်)လမ်း၌ ဒုတပ်ကြပ်ကျော်လင်းမောင်က လည်းကောင်း ဖြတ်သန်းသွားလာသည့် ယာဉ်များထံမှ ပိုက်ဆံနေ့စဉ်ကောက်ယူနေကြောင်း မိုင်းရှူး - တောင်ကြီး ကုန်သည်တဦးကပြောသည်။

“တောင်ကြီးကနေ မိုင်းရှူးကိုပြန်ရင် မိုင်းနောင်မြို့အဝင်မှာ ၁ ဂိတ် မြို့အထွက်မှာ ၁ ဂိတ်။ ကုန်တင်ကား ခရီးသည်တင်ကား တွေကို ပိုက်ဆံစောင့်ကောက်တယ်။ ၄ လုံးထိုး ကုန်တင်ကားဆိုရင် တဂိတ်ကို တစီး ကျပ် ၁ သောင်းကနေ ၁ သောင်း ငါးထောင်။ ရိုးမချယ်ရီတို့၊ သျှမ်းတံခွန်လိုင်းဗင်ကားတွေဆိုရင် ၁ စီး ၁ ထောင်ကျပ်။ ၆ ဘီးကုန်ကားကိုလည်း ၁ စီး ၃ ထောင်  ကျပ်။ မင်းအောင်ဂိတ်၊ သပြေဂိတ်က ကားတွေပေါ့။ အစီးတိုင်းကောက်တယ်။ ဒီကားတွေ တောင်ကြီးကလာတာလေ။ မိုင်းရှူးကို သွားမယ့်ကားတွေ။ တနေ့ ၁၀ စီးထက်မနည်းတော့ ရှိတာဘဲ” ဟု တောင်ကြီး-မိုင်းရှူး ပုံမှန်သွားလာနေသည့် အသက် ၄၀ ကျော်အရွယ်ရှိ အဆိုပါ ကုန်သည်က ဆက်လက်ပြောပြသည်။

မိုင်းရှူးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲရှိ ဒေသခံများ ခံစားနေရသော အဆိုပါ လူ့အခွင့်အရေးချိုးဖျက်ခံရမှုများကို ကျားဖြူပါတီ ၏ လွှတ်တော်ကိုယ်စားလှယ်များထံ တင်ပြထားသော်လည်း တစုံတရာ အကြောင်းကြားလာခြင်း မရှိသေးကြောင်း မိုင်းနောင်မြို့ ရပ်မိရပ်ဖများက ပြောပြပါသည်။

Most read this week