တရုတ်ထောင်၌ မြန်မာတသောင်းခန့် ထောင်ကျနေ

တရုတ်ထောင်၌ မြန်မာတသောင်းခန့် ထောင်ကျနေ
by -
သျှမ်းသံတော်ဆင့်

တရုတ် - မြန်မာ နယ်စပ် ရွှေလီမြို့ အလွန် တရုတ်အကျဉ်းထောင်တခု၌ မြန်မာနိုင်ငံသား တစ်သောင်း ထက်မနည်းအကျဉ်းကျနေကြောင်း - အဆိုပါထောင်မှ လွတ်မြောက်လာသူတဦးက ပြောပါသည်။

“အဲဒီမှာ ထောင်ကျနေတာ မြန်မာပြည်က လူမျိုးပေါင်းစုံဘဲ၊ တစ်သောင်းလောက်ရှိမယ်။ ဗန်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ မန္တလေး၊ မိတ္ထီလာ၊ သီပေါ၊ ကျောက်မဲ၊ မန်တုံ၊ မူစယ်၊ နမ့်ခမ်း ဘက်ကကောဘဲ၊ ကျယ်ဂေါင်၊ ရွှေလီ က ဖမ်းမိတဲ့သူတွေ အဲဒီအထဲမှာဘဲ” - ဟု ထောင်ကျခဲ့တူ အေဘီးက ပြောပါသည်။

ဂျွန်လအတွင်း ကျယ်ဂေါင်၊ ရွှေလီ၊ စန့်ဟောင်၊ မန်စီဘက် သွားလာရောင်းဝယ် အလုပ်လုပ်သည့် မြန်မာ အလုပ်သမားများ အား တရုတ်အာဏာပိုင်များ ဆက်တိုက်ဖမ်းဆီးပြီး အကျဉ်းချထားကြောင်း၊ တနာရီ အတွင်း အာမခံမည့်လူမရှိက အကျဉ်းထောင်သို့ ပို့ဆောင်ကြောင်း၊ ယခုလအတွင်းဖမ်းမိသူ မြန်မာနိုင်ငံသား တစ်သောင်းခန့် ရှိကြောင်း၊ တရုတ်လူမျိုးရာဇဝတ်အကျဉ်သားများနှင့် သီးခြားစီထားရှိကြောင်းလွတ်မြောက် လာသူများက ပြောပါသည်။

“ ကျနော် ပြန်လွတ်လာရတာက ရွှေလီကအမျိုးတွေ ပိုက်ဆံစုပြီး ယွမ်တစ်သောင်း(၁ ယွမ် = ၁၃၃ ကျပ်)နဲ့ သွားရွေးခဲ့လို့၊ ဒါတောင် လမ်းကြောင်းနဲ့ ဝိတ်မရှိရင်တော့သွားပြီ။ ဂျူလိုင်လဆန်းဆို ခွန်းမင်ဘက်ပို့ပြီး မြန်မာ - ကူမင်း အမြန်ရထား လမ်းဖေါက်ဖို့ အကျဉ်းသားတွေကို အကုန်ပို့မှာတဲ့” - ဟု ဂျွန် ၂၈ ရက်နေ့ စန့်ဟောင်ထောင်မှ လွတ်မြောက် လာသည့် အိုက်ယွမ်ကပြောပါသည်။

သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ အဆိုပါ အကျဉ်းသားများအင်အားဖြင့် ဖေါက်လုပ်မည့် ရထားလမ်းသည် အာဆီယံနိုင်ငံများအတွင်း ပြေးဆွဲမည့် အမြန်ရထားလမ်းဖြစ်ကြောင်း ပြောဆိုကြပါသည်။

တရုတ်အာဏာပိုင်များ အဖမ်းဆီးထူသောကြောင့် လက်ရှိတွင် မြန်မာနိုင်ငံသားများ တရုတ်ဘက်ခြမ်း၌ ဝမ်း ရေးအတွက် အလုပ်သွားလုပ်ရန်မဝံ့မရဲဖြစ်နေကြာင်း၊ သျှမ်းသီချင်းများ၊ တရားတော်များ ဗီစီဒီခွေသွားရောင်း သည့် အိုက်ယွမ်ပင်လျှင် အမျိုးများ ပိုက်ဆံစိုက်ပြီး ထောင်မှရွေးထုတ်သည့် အကြွေး  ပြန်ဆပ်ရမည့် အရေး အခက်အခဲဖြစ်နေကြောင်း ကြားသိရပါသည်။

မြန်မာနိုင်ငံသားများသည် စီးပွားရေးအခက်အခဲအတွက်သော်လည်းကောင်း၊ မူးယစ်ဆေးဝါးမှ ရှောင်တိမ်းရန် အတွက်သော်လည်းကောင်း၊ စီးပွားရှာလွယ်သည့် တရုတ်နယ်စပ်ဘက် ပြောင်းရွှေ့အလုပ် လုပ်ကိုင်ကြခြင်း ဖြစ်ပါသည်။

Most read this week