အပစ်ရပ်အပေါ်ပြန်သုံးသပ်ပေးရန် ငြိမ်းချမ်းရေးကော်မတီထံ RCSS စာရေး

အပစ်ရပ်အပေါ်ပြန်သုံးသပ်ပေးရန် ငြိမ်းချမ်းရေးကော်မတီထံ RCSS စာရေး
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးယူထားသော်လည်း အစိုးရတပ်မှ ပစ်ခတ်တိုက်ခိုက်မှု လက်တွေ့မလုပ်သေးသောကြောင့် ပြန်လည် သုံးသပ် စိစစ်ပေးရန် သျှမ်းပြည်တပ်မတော်မှ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင်ရေး ကော်မတီ ဒုဉက္ကဌ ဗိုလ်ချုပ်ကြီးစိုးဝင်းထံ စာရေးကြောင်း ကြားသိရပါသည်။

မြန်မာအစိုးရကိုယ်စားလှယ် ဦးအောင်မင်းနှင့် ပထမဆုံးအကြိမ် တွေ့ဆုံစဉ်ကတွေ့ရသော ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးချုပ် စိုင်းလူးတို့အဖွဲ့
“ကျနော်တို့နဲ့ အစိုးရတပ်အကြား တိုက်ခိုက်မှုမလုပ်ဘဲ အပစ်အခတ် ရပ်ထားဖို့ သဘောတူထားတယ်။ မေ ၁၉ ကျိုင်းတုံမှာ ပြည်ထောင်စုအဆင့် ဒုတိယအကြိမ်ထပ်မံတွေ့ဆုံ လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာတောင် တိုက်ပွဲက အကြိမ်ကြိမ် ဖြစ်ပွားတယ်။ အဲဒီတိုက်ပွဲတွေအားလုံးက အစိုးရတပ်ကနေဘဲ အရင်ပစ်ခတ်တိုက် ခိုက်တယ်” - ဟု ဗိုလ်မှူးချုပ်စိုင်းလူး က ပြောပါသည်။

ဂျွန် ၂၈ ရက် ရက်စွဲဖြင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် RCSS/SSA ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ဗိုလ်မှူးချုပ်စိုင်းလူးက ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖေါ်ဆောင် ရေးကော်မတီ ဒုဉက္ကဌ(၃)၊ ဒုကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ကြီး ဗိုလ်ချုပ်ကြီးစိုးဝင်းထံ စာရေးခြင်းဖြစ်ကြောင်း၊ အဆိုပါစာတွင် သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရနှင့်အပစ်ရပ်ပြီး ငြိမ်းချမ်းရေးတည်ဆောက်ထားသော်လည်း အစိုးရတပ်မှ ရန်ရှာပစ်ခတ်တိုက်ခိုက်မှု မရပ်နားသေးသည့်ကိစ္စ၊ အပစ်ရပ်ချင်းတူသော်လည်း တခြားအဖွဲ့အစည်းများကဲ့သို့ လွတ်လပ်စွာ သွားလာခွင့်မရသေးသည့်ကိစ္စရပ် များကြောင့် ပြန်လည်သုံးသပ်ပေးရန် ဖြစ်ကြောင်း - ကြားသိရပါသည်။

“လောလောလပ်လပ် ၂၇ ရက်နေ့တုန်းက ခလရ ၆၄ လိုင်းခ(လဲချား) တပ်က ဝမ့်ယိန်းရွာမှာရှိတဲ့ ကျနော်တို့ တပ်စခန်းကို တက်တိုက်တယ်။   ဒီကိစ္စတွေဟာ ယုံကြည်မှု ခိုင်မြဲ အောင်တည်ဆောက်ဖို့ အရမ်းကိုထိခိုက် စေပါတယ်။ နောက် တခု ကျနော်တို့ကို ဌာနချုပ်အဖြစ်ပေးထားတဲ့ မုန်းထား ဘက်မှာတောင်မှကျနော်တို့ တပ်ဖွဲ့ဟာ တခြားတပ်ဖွဲ့တွေလို လွတ်လွတ်လပ်လပ်သွားလာလို့မရသေးဘူး၊ အဲဒါကို ကြည့်ရင် ကျနော်တို့တပ်ဖွဲ့ကို တခြားတပ်ဖွဲ့လို  မထားသေးဘူး၊ ခွဲခြားဆက်ဆံနေသေးတယ်ဆိုတာ ထင်ရှားနေတယ်” - ဟု ဗိုလ်မှူးချုပ်စိုင်းလူးက ပြောပါသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် မြန်မာအစိုးရ တို့ ဒီဇင်ဘာ ၂၀၁၁ ပဏာမအဆင့် ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ယနေ့အထိ တိုက်ပွဲ ၂၄ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။

တဘက်ကလည်း ထာဝရ  ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ဂျွန်လဆန်းကတည်းကသျှမ်းပြည် တပ်မတော်မှ ဗိုလ်မှူးချုပ်ပေါင်ခေး ဦးဆောင်သည့်အဖွဲ့က ( ၃ ဖွဲ့ခွဲ၍ သျှမ်းပြည် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်းသို့ ) လူထုဆန္ဒသဘောထားကောက်ယူရန်ကွင်းဆင်းလျက်ရှိရာ ဌာနချုပ်သို့ပြန်လည်ရောက် ရှိခြင်းမရှိသေးပေ။

Most read this week