တရုတ် - မြန်မာနယ်စပ်ဖြတ်ကာ ရွှေလီ၊ ကျယ်ဂေါင်ဘက် အလုပ်သွားလုပ်ကြသော မြန်မာအလုပ်သမားများ၊ ခရီးသွားများအား တရုတ်အာဏာပိုင်များက လိုက်လံဖမ်းဆီးပြီး အာမခံ မပေးဘဲလချီချုပ်နှောင်ထား ကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။
“ကျယ်ဂေါင်မှာကော ရွှေလီဘက်မှာကော အဖမ်းအဆီးအရမ်းထူတယ်။ တရုတ်အာဏာပိုင်တွေကဖမ်းတာ။ လူပုံမလန်းဆန်းရင် ဘိန်းစားနဲ့တူရင် ၊ မိုက်တိမိုက်ကန်းပုံပေါက်နေရင် အကုန်ဖမ်းတာဘဲ။ နောင်တောင်း-ရွှေလီအသွားလမ်း၊ ရွှေလီကနေ မန့်စီ - စန်ဟောင့် - ရင့်ကြိုင်အသွားလမ်းမှာ တရုတ်တွေကစောင့်ဖမ်းလေ့ ရှိတယ်။ အဖမ်းခံရတဲ့သူတွေ ၁ နာရီအတွင်း လာမရွေးရင်သွားပြီ။ လနဲ့ချီကြာတယ် တွေ့ခွင့်မပေးဘူး။ ၁ နာရီ မိုင် ၆၀၀ ပြေးဆွဲမယ့် အာဆီယံရထားလမ်းတို့ အာရှလမ်းမကြီးတို့ဖောက်လုပ်မယ့် စီမံကိန်းမှာလုပ်အား သွား သုံးမလို့တဲ့။ အဲဒါကြောင့် တရုတ်ဘက်ခြမ်းကိုသိပ်တောင်မသွားရဲတော့ဘူး” ဟု ဒေသခံစိုင်းခမ်းက ပြောသည်။
တရားဝင်နယ်စပ်ကူး လက်မှတ်ကိုင်ဆောင်သည်ဖြစ်စေ နယ်ခြားခြံစည်းရိုးပေါက်မှခိုးဝင်သူများဖြစ်စေ စစ်ဆေး ဖမ်းဆီးထားခြင်းဖြစ်ကြောင်း စိုင်းယီ့ပီးကပြောသည်။
ယခုကဲ့သို့ မြန်မာဘက်မှအလုပ်သမားများအား အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်ဖမ်းဆီးစစ်ဆေးနိုင်သည်ဟူ သည့်အချက်မှာ မြန်မာ နှင့် တရုတ်အာဏာပိုင် နှစ်ဘက်သဘောတူညီမှုရထားသောအချက်ဖြစ်ကြောင်း နမ့်ခမ်းရဲတပ်ဖွဲ့နှင့် နီးစပ်သူတဦးကလည်း သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။
“စိုင်းယွမ် ခေါ် အေပီး လေ။ အသက် ၃၂ နှစ်ရှိပြီ။ နမ့်ခမ်း မြို့ ပေါက်နေရပ်ကွက် မှာနေတာလေ။ သူ ရင့်ကြိုင်မှာ သီချင်းခွေရောင်းဖို့ ရွှေလီမြို့အထွက်မှာအဖမ်းခံရတာ။ သူလဲ တရားဝင်ပတ်စပို့ စာအုပ်အနီ ကိုင်တာဘဲ။ အခု ရွှေလီစန့်ဟောင့် အချုပ်ခန်းမှာတဲ့၊ သွားကြည့်လို့မရဘူး။ နှစ် လပြည့်မှ တွေ့ခွင့်ပေးမယ်။ အဲဒီအချိန်မှ အာမခံနဲ့ ပြန်လွှတ်ရင်လွှတ်ပေးမယ် လို့ ရွှေလီကတရုတ်ရဲအရာရှိက ပြောတယ်” - ဟု ၎င်း၏ သူငယ်ချင်းဖြစ်သူ စိုင်းခမ်း က ဆက်လက်ပြောပြသည်။
Myanmar_workers_in_China
“ နယ်စပ်ကူးလက်မှတ် ပတ်စ်ပို့ စာအုပ် အနီရောင်လုပ်ရင် စစ လုပ်ချင်း ၁ သောင်းကျပ်ကုန်တယ်။ တခါဖြတ် ကူးရင် နယ်စပ် အာဏာ ပိုင်တွေက တံဆိပ်တုံးထုပေးတယ်။ တခါထုခ ကျပ် ၁၀၀၀ ။ ပြီးရင်ဟိုးဘက်ခြမ်းမှာ အလုပ်သွားလုပ်ရင် တရက် လုပ်အားခ ကျပ် ၄၀၀၀ ဘဲရတယ်ဆိုတော့ တချို့က လက်မှတ်မလုပ်ချင်ကြဘူး လေ။ ဟိုဘက်ခြမ်းမှာ အိပ်ခွင့် ရ ရက်ပေးတယ်ဆိုပေမယ့် အမျိုးတွေဟိုဘက်မှာမရှိရင်ဘယ်မှာသွားအိပ်မလဲ။ စက်ရုံအလုပ်သမားလဲ တရက် လုပ်အားခ ယွမ်ငွေ ၅၀ ။ စက်ရုံသူဌေးက လုပ်အားခကို တပတ်မှတခါထုတ်ပေး တယ်။ သူဌေးတချို့လဲ တပတ် ၁၀ ရက် ကြာရင် တရုတ်ရဲတွေ ကိုအကြောင်းကြားလိုက်တယ်။ အဲလိုညှစ်တာ လဲရှိ တယ်” ဟု ဆိုပါသည်။
တရုတ်ဘက်ခြမ်းသို့ သွားရောက်အလုပ်လုပ်ကိုင်ကြသူများမှာ သျှမ်းပြည် ရွှေလီဒေသ၊ မူစယ်၊ နမ့်ခမ်းမှသျှမ်း၊ ပလောင်၊ ကချင်မှလာသော ဒေသခံများအပြင် အောက်ပြည်အောက်ရွာမှ ဗမာလူမျိုးများ ဖြစ်ကြကြောင်း သိရသည်။
အဖမ်းခံရသူများမှာလည်း မိသားစုရေး ဝမ်းရေးအတွက် လှုပ်ရှားရုန်းကန်နေကြသော သာမာန်လူတန်းစား အလုပ်သမား များသာဖြစ်ကြကြောင်း ဒေသခံများက ပြောပြသည်။