သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် လင်းခေးမြို့နှင့် ပတ်ဝန်းကျင်မြို့များသို့ ဆက်သွယ်ရေးဌာနမှ CDMA ဖုန်းနံပတ်များ ချပေးသဖြင့် ဒေသခံလူထုတို့ ဝမ်းမြောက်ဝမ်းသာဖြစ်နေကြသော်လည်း တခြားမြို့သို့ဆက် သွယ်၍မရသေးသဖြင့် စိတ်ညစ်နေကြကြောင်း ဒေသခံလူထုကပြောသည်။
“လင်းခေးမြို့မှာ ဒီမနက် CDMA ဖုန်းနံပတ်တွေ ချပေးတယ်။ အလုံး ၄၀၀ အတွက်ပေါ့။ နံပတ်တခု ကျပ် ၂ သိန်းနဲ့ ဆက်သွယ်ရေးရုံးကရောင်းတယ်။ စီးပွါးရေးလုပ်ငန်းရှင်တွေ၊ ကုန်သည်တွေ အများစုပေါ့ ဝယ်ကြတယ်။ လူတွေက အားခဲ ထားကြ မျှော်လင့်ထားကြတာကိုး။ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်သွယ်ရေးစနစ် ဟာလဲ အဓိကကျတဲ့ကဏ္ဍတခုမှာ ပါနေတယ်မဟုတ်လား။ ဒါပေမယ့်ဗျာ တခြားမြို့တွေကိုဆက်လို့မရသေးဘူး။ စိတ်ညစ်နေရတယ်။ မြို့တွင်းဧရိယာထဲမှာဘဲ ဆက်နိုင်သေးတယ်” ဟု လင်းခေးမြို့ခံတဦးကပြောသည်။
CDMA ဖုန်းဆက်သွယ်ရေးလွယ်ကူစေရန်အတွက် လင်းခေးမြို့ ဆက်သွယ်ရေးရုံးဝင်းအတွင်း ဖုန်းဧရိယာ တိုင်ကို လွန်ခဲ့ သည့် နှစ်ကတည်းက ထူထားသော်လည်း ပထဝီအနေအထားအရပင်လယ်ရေမျက်နှာပြင်အနှိမ့် ပိုင်းတွင် တည်ရှိနေခြင်းကြောင့် တခြားမြို့နယ်သို့ဆက်သွယ်ရန် လိုင်းမမိခြင်းဖြစ်ကြောင်း၊ သို့သော်မြန်မာနိုင်ငံ တွင်း အမြင့်ဆုံးဧရိယာတိုင်ဖြစ်သည်ဟု ဆက်သွယ်ရေးဝန်ထမ်းများကပြောကြောင်း လင်းခေးမြို့ခံ စိုင်းနောင့်က ပြောသည်။
တဖက်တွင်လည်း ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဖုန်းနံပတ်များ ချမပေးခြင်းကြောင့် ဒေသခံလူထုတို့ ကာလအတန်ကြာ စောင့်ဆိုင်းခဲ့ရရာမှ ယနေ့မနက်ပိုင်းမှ ဖုန်းနံပတ်များအမှန်တကယ်ချပေးခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တဦးကလည်း ပြောသည်။
“ မိုင်းပန်၊ မောက်မယ်၊ မိုးနဲ တွေမှာတော့ ဒီလဆန်းပိုင်းလောက်ကစပြီး ချပေးနေပြီ။ သူတို့တွေကတော့ ဧရိယာတိုင်နဲ့ မဟုတ်ဘူး။ စကိုင်းနက်လိုင်းနဲ့ပေးတာရှိသလို IP Star ခုံနဲ့ဘဲ ပေါင်းပြီးပေးတာဘဲရှိတယ်။ လင်းခေးမှာတော့ခရိုင်ရုံးမို့လို့ ဧရိယာတိုင်နဲ့ပေးတာ။ ပုဂ္ဂလိက ဆက်သွယ်ရေး (ဖုန်း၊ အင်တာနက်) ဆိုင်ဖွင့်ထားတဲ့စီးပွားရေး လုပ်ငန်းရှင် တယောက် ဆိုရင် ဖုန်းအလုံး ၂၀ လိုချင်တယ် ။ အိမ်ထောင်စုဇယားရှိ တဲ့လူတွေကိုသွားပေးခိုင်းတယ်လို့ ကြားတယ်။ ဝယ်ပေးခ တလုံး ကို ကျပ် ၁ သောင်းပေးတယ်။ အဲတာ သူတို့ပြန်ရောင်းဖို့ဖြစ်နိုင် တယ်လို့ ပြောနေကြတယ်” ဟုလည်း ဆိုပါသည်။
သို့သော် ၉ လပိုင်းအတွင်း GSM ဖုန်းနံပတ်များချပေးရန်ရှိသည်ဟုလည်း တဖက်မှသတင်းများထွက်ပေါ်နေရာ ယခုချ ပေးသည့် CDMA ဖုန်းနံပတ်ထက်ဈေးပေါသော GSM ဖုန်းများကိုသာ လူထုကမျှော်နေကြပြန်ကြောင်း အင်တာနက်သုံး သည့် ဒေသခံလူငယ်များကလည်း ပြောသည်။
CDMA ဖုန်းများနှင့် GSM ဖုန်းများကို နိုင်ငံတော်သမ္မသစ်၏ တနှစ်ပြည့်အမှတ်တရဟုဆိုကာ ယခုနှစ်ဆန်း ပိုင်းကတည်းက ချပေးမည်သတင်းများထွက်ပေါ်နေပြီးနောက် ၄ လ အကြာမှ ဖုန်းများချပေးခဲ့ခြင်းဖြစ်သည်။ အတည်မပြုနိုင်သေးသည့် သတင်းအရ လင်းခေးမြို့တွင် CDMA ဖုန်းနံပတ် ၆၀၀ ခန့်ထပ်မံချပေးရန်ရှိသည် ဟုလည်း ကြားသိရပါသည်။