ရခိုင်ပြည် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့် ဆွေးနွေးရန် ရွှေ့ဆိုင်း

ရခိုင်ပြည် ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့် ဆွေးနွေးရန် ရွှေ့ဆိုင်း
by -
သျှမ်းသံတော်ဆင့်

ရခိုင်ပြည် ပဋိပက္ခကြောင့် နေပြည်တော် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့တို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဆင့်တိုးမြင့်ဆွေးနွေးရန် ရက်ရွှေ့ဆိုင်းလိုက်ကြောင်း သိရှိရပါသည်။

UWSA ခေါင်းဆောင် ပေါက်ယိုချမ်း
သမ္မတ ဦးသိန်းစိန် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ချက်အရ ပထမဆုံး ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ သော ၀ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) သည် ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေးရန် နေပြည်တော်သို့ ဂျွန်လ ၁၅ ရက်နေ့၌ သွားရောက်ရမည်ဖြစ်သည်ဟု ဆို၏။

“ရခိုင်လူမျိုးနဲ့ ရိုဟင်ဂျာကြားက ပဋိပက္ခကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ရက်ရွှေ့လိုက်တယ်။ ဆွေးနွေးဖို့ ဘယ်နေ့ပြန်ချိန်းမလဲတော့ မသိဘူး” ဟု  ၀ အရာရှိနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု-သျှမ်းပြည်အရှေ့ပိုင်း (NDAA-ESS) နှင့် သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည်တပ်မတော် SSPP/SSA တို့လည်း ငြိမ်းချမ်းရေး အဆင့်တိုးမြင့် ဆွေးနွေး ရန် အစိုးရဘက်မှ ဖိတ်ခေါ်ခဲ့သည်။
NDAA ခေါင်းဆောင် စဝ်စိုင်းလင်း
“ပန်ဆန်းအဖွဲ့ ဆွေးနွေးပြီးရင် ကျနော်တို့ မိုင်းလားအဖွဲ့ဘဲ။ ရက်ရွှေ့လိုက်တော့ မိုင်းလားအဖွဲ့လည်း နေပြည်တော်ကို မသွားဖြစ်တော့ဘူး” ဟု မိုင်းလားအရာရှိတစ်ဦးက ပြောပါသည်။

သို့သော် သျှမ်းပြည်တပ်မတော်-မြောက်ပိုင်းဟု လူသိများသည့် SSPP/SSA မှာမူ ဂျန္နဝါရီ ၂၈ ရက် အပစ်ရပ်ရန် သဘောတူ ဆွေးနွေးပြီးနောက်ပိုင်း မြန်မာစစ်တပ်နှင့် ၁၈ ကြိမ်ထက်မနည်း တိုက်ပွဲဖြစ် ပွားခဲ့ကြောင်း၊ နောက်ဆုံးတိုက်ပွဲမှာ ဂျွန် ၁၇ ရက် ညနေ ၃ နာရီခန့် မိုင်းရှူးမြို့နယ်၌ ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်ကြောင်း၊ တောင်ဟျိုးနှင့် မိုင်းအောတ်ကြားအခြေစိုက် သျှမ်းတပ်ဖွဲ့၏ တပ်မဟာ ၃၆ ကို ခမရ ၅၁၆ နှင့် ခမရ ၅၁၇ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း SSPP/SSA အသိုင်းအဝိုင်းက ဆို၏။
SSPP/SSA ခေါင်းဆောင် စဝ်ပန်ဖ
၀ တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ NDAA နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA တို့သည် ဦးအောင် သောင်း၊ ဦးသိန်းဇော်တို့ ခေါင်းဆောင်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေး ပြီး အပစ်ရပ်ရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။

လွန်ခဲ့သည့်လအတွင်း ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီအဖွဲ့၌ ဦးအောင်သောင်း ပါဝင်ခြင်းမရှိသော်လည်း ဦးသိန်းဇော် က ဒုဥက္ကဋ္ဌ(၃) အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။

Most read this week