ယမန်နေ့က နိုင်ငံရေးပါတီအဖြစ် တရားဝင်ရပ်တည်ရန် မှတ်ပုံတင်ကျလာသည့် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောခွင့်ရ စိုင်းလိတ်က ဦးသိန်းစိန်ဦးဆောင်သည့် (လက်ရှိအစိုးရက) စစ်တပိုင်း အစိုးရ နောက်ကြောင်း ပြန်မလှည့်နိုင်ရန် ဝိုင်းဝန်းလုပ်ဆောင်ဖို့လိုကြောင်း ပြောပါသည်။
“သမ္မတကြီး ဦးသိန်းစိန်ဦးဆောင်တဲ့ စစ်တပိုင်းအစိုးရက ဒီမိုကရေစီဖေါ်ဆောင်ရေး၊ အပြောင်းအလဲတွေ လုပ်နေတာတွေ့ရတယ်။ အဲဒီအပြောင်းအလဲကို ဂငယ်ကွေ့ပြန်ပြီးချိုးကွေ့မသွားအောင် ကျနော်တို့လူထု လူတန်းစားအသီးသီးကကော နိုင်ငံရေးပါတီအသီးသီးကကော အားလုံးဝိုင်းဝန်းထိန်းမတ်ပြီးတော့ ဝိုင်းဝန်းပံ့ပိုးပေးဖို့လိုတယ်” - ဟု စိုင်းလိတ် က ပြောပါသည်။
တိုင်းရင်းသားနိုင်ငံရေးပါတီအနေဖြင့် မိမိလိုချင်သော ဖက်ဒရယ်ပြည်ထောင်စု စစ်မှန်သည့် ပြည်ထောင်စု စစ်စစ်ဖြစ် လာဖို့အတွက် မိမိအခွင့်အရေး၊ မိမိတိုင်းရင်းသားဘာသာ စာပေယဉ်ကျေးမှု ထိန်းသိမ်းမြင့်တင်ဖို့ အတွက် တန်းတူ ညီမျှ ခွင့်အတွက် တတတ်တအားကြိုးစားသင့်ကြောင်း၊ ထို့အတွက်ကြောင့် ဒီမိုကရေစီ အရေး ကြိုးပမ်း နေသကဲ့သို့ တိုင်းရင်း သားအရေးများလည်းရရှိအောင် ဝိုင်းဝန်းကြိုးစားသင့်ကြောင်း အဓိကအကျဆုံးက လက်ရှိအစိုးရ ဂ ငယ် ကွေ့ချိုး မကွေ့ရန် SNLD ပါတီအနေဖြင့် တတပ်တအားဝိုင်း ဝန်းကြိုးပမ်းသွားမည်ဟု ဆို၏။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ မှတ်ပုံတင်ကျကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်က ၁၂ ရက် ၆ လ ၂၀၁၂ ရက်စွဲဖြင့် အကြောင်းပြန်စာပေးပို့ကြောင်း၊ ပါတီမှတ်ပုံ တင်နံ ပါတ်မှာ ၅၆ ဖြစ် ကြောင်း စိုင်းလိတ်က ပြောပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင် ခွန်ထွန်းဦး၏ နေအိမ် အမှတ် ၂၆ ပြည် လမ်း မရမ်းကုန်းမြို့နယ် ရန်ကုန်၌ ဌာနချုပ်ရုံး ဖွင့်လှစ်ထားသည်ဟုဆိုသည်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD သည် ၁၉၉၀ ရွေးကောက်ပွဲက မဲဆန္ဒနယ် ၂၃ နေရာ အနိုင်ရရှိ ခဲ့၏။ ၂၀၀၃ ခုနှစ်က စတင်ခဲ့သော အမျိုးသားညီလာခံတွင်ပါဝင်ခဲ့သော်လည်း တိုင်းရင်းသား တန်းတူရေး အား ဖွဲ့ စည်း ပုံ၌ ထည့်သွင်းရေးသားထားခြင်းမရှိသောကြောင့် ၂၀၀၄ တွင် နှုတ်ထွက်ခဲ့သည်။ ၂၀၀၄- ၂၀၀၅ တွင် အစိုးရ ဘက်မှ ပြည်ထောင်စုမှခွဲထွက်လိုမှု၊ မတရားအသင်းအပင်း ဖွဲ့စည်းမှု၊ နိုင်ငံတော် ပုန်ကန်မှုစသည့်အမှုပေါင်းများ စွာဖြင့်စွပ်စွဲကာ ပါတီဥက္ကဌခွန်ထွန်းဦး၊ အထွေထွေ အတွင်းရေး မှူး စိုင်းညွန့်လွင်၊ ဗဟိုအလုပ်အမှုဆောင် စိုင်းလှအောင် တို့အား ဖမ်းဆီးကာ ထောင်ဒဏ်နှစ်ရှည်ချမှတ်ခဲ့သည်။
ဦးသိန်းစိန်အစိုးရ၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် အဆိုပါသျှမ်းခေါင်းဆောင်များပြန်လည်လွတ်မြောက်လာပြီး နိုင်ငံရေး လောက အတွင်း တရားဝင်လှုပ်ရှားနိုင်ရန် ပါတီမှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။