သျှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့၌ CDMA ဖုန်းကဒ်များဆက်သွယ်ရေးဝန်ကြီးဌာန ကချပေးခဲ့ပြီဖြစ် သော်လည်း ငွေရှင်၊ စီးပွါးရေးလုပ်ငန်းရှင်များက သိမ်းကြုံးဝယ်ယူလိုက်သဖြင့်ဒေသခံများ ဝယ်ယူခွင့်မရခဲ့ကြောင်း ကျေးသီး ဒေသခံများကပြောသည်။
“ငွေရှင်ကြေးရှင်၊ ရွှေဆိုင်ပိုင်ရှင်တွေ၊ ဆန်စက်ပိုင်ရှင်တွေက လူလည်ကျ အမြတ်ထုတ်ချင်တာနဲ့ ဆင်းမ်ကဒ်တွေကို သိမ်းကြုံးဝယ်ယူလိုက်တော့ ဒေသခံတွေ မရလိုက်တော့ဘူး။ ဆက်သွယ်ရေးတာဝန်ခံ စိုင်းသန်းထွန်းအောင် ဆိုတဲ့ လူက တရားခံပေါ့။ သူက အဲလိုလုပ်စားတာ ဆင်းမ်ကဒ် ရ၀-၈၀ လောက်က ဒေသခံတွေဆီ တကဒ်မှ မကျဘူး။ အဲ တာကို ဆက်သွယ်ရေးက တာဝန်ရှိအကြီး အကဲတွေကနေ ကူညီဖြေရှင်းပေးစေချင်တယ် ” ကျေးသီးဒေသခံ စိုင်းစိုင်း ကပြောသည်။
ကျေးသီးမြို့ ဆက်သွယ်ရေးရုံး၌ ၁၁ ရက်နေ့က ဆင်းမ်ကဒ်များချပေးခြင်းဖြစ်ကြောင်း၊ နံနက် ၈ နာရီ၌ ဆက်သွယ် ရေးရုံး၌စတင်ရောင်းချခြင်းဖြစ်ပြီး နာရီဝက်မကြာခင်ဆင်းမ်ကဒ်များ( ၈၀ ကျော်) ရောင်းချပြီး စီးကုန်ပြီဖြစ်ကြောင်း၊ ငွေရှင်များက မြို့ပြင်ဧရိယာကျေးလက်ဒေသမှ အိမ်ထောင်စုစာရင်းအတုများဖြင့် သိမ်းကြုံးဝယ်ယူခြင်းဖြစ်သဖြင့် သာမာန်လူတန်းစားဒေသခံများ ဝယ်ခွင့်မရသည့်အပေါ် မကျေမနပ်ဖြစ် နေကြကြောင်း စိုင်းစိုင်းက ပြောသည်။
“ဆက်သွယ်ရေးရုံးကချပေးတာ ကဒ်တခု ကျပ် ၂ သိန်း ၁ သောင်း၊ ငွေရှင်တွေကိုမေးကြည့်တော့ တခု ၄ သိန်း ပေးဝယ်တောင်မရောင်းသေးဘူးတဲ့။ ဝန်ထမ်းတွေတောင်မရသေးဘူး။ အဲဒီရောင်းချပေးတဲ့ မနက်ကဆက်သွယ် ရေးရုံးမှာ ရန်ဖြစ်ကြတဲ့အထိ ရှိတယ်။ လူတွေက အရမ်းကိုမျှော်နေကြပြီကိုး။ ကျနော်တို့ သူငယ်ချင်းတစုတော့ ငွေရှင်တွေကနေတဆင့် မဝယ်ခြင်းဖြင့် ပြန်လည်တုန့်ပြန်သွားကြ မယ်လို့ဆုံးဖြတ်ထားတယ် ” ဟု တောင်ကြီး ရောက် ကျေးသီးဒေသခံ စိုင်းဦးက ဆက်လက်ပြောပြသည်။
ဆင်းမ်ကဒ်များကို သိမ်းကြုံးဝယ်ယူသည့်ငွေရှင်များမှာ ရွှေဆိုင်နှင့် ဆန်စက် ဆီစက်ပိုင်ရှင်များဖြစ်ကြသော ဦးအောင်ခင်ဝင်း ( ၂၅ ကဒ်) ၊ ဦးဌေးအောင် နန်းထွေးနုအေး( ၅၀ ကဒ်) နန်းညိုညိုဝင်း(၁၀ ကဒ်)စသည်တို့ဖြစ် ကြောင်း ဆိုပါသည်။
ကျေးသီးဒေသခံများအတွက် ဆက်သွယ်ရေးရုံးဝင်းအတွင်း ဖုန်းဧရိယာတိုင်ကို ယခုလအစောပိုင်းက တိုင်ထူပြီး စီး၍ စမ်းသပ်ဆက်သွယ်ကြည့်ရာ အောင်မြင်ရာမှ ယခုလ ၁၁ ရက်က CDMA ဆင်းမ်ကဒ်များ စတင်ရောင်းချ ပေးခြင်းဖြစ်ကြောင်း၊ အလားတူ သျှမ်းပြည်တောင်ပိုင်း ဆက်သွယ်ရေးအတန် အသင့် ခက်ခဲသော အခြားမြို့နယ် များ၌လည်း တိုင်ထူပြီးစီးနေပြီဖြစ်သဖြင့် ဖုန်းကတ်ရောင်းချပေးမည့် ရက်ကိုသာ ဒေသခံလူထု မျှော်လင့်နေကြ ကြောင်း သျှမ်းပြည်တောင်ပိုင်း မိုးနဲ၊ လင်းခေး၊ မိုင်းပန်ဒေသခံ များကပြော ကြသည်။