ကချင်ပြည်နယ် ပန်ဝါမြို့ ဒန်ဂေါ (Dan Gaw) ကျေးရွာရှိ ဒေသခံသင်းအုပ်ဆရာတဦးအား နယ်ခြားစောင့်တပ်ဖွဲ့ (၁၀၀၁) တပ်မှ မေလ ၃၁ ရက်နေ့တွင် ရိုက်နှက်ဖမ်းဆီးကာ ခေါ်ဆောင်သွားကြောင်း ဒေသခံများပြောသည်။
နယ်ခြားစောင့်တပ်ရင်းမှူး ဦးဒိမ်ဒန်လွမ်းခေါင် ဦးဆောင်သည့်အဖွဲ့သည် သင်းအုပ်ဆရာ ဂလောင်းတိန့် ဆောင် (Galau Ting Sau) အိမ်သို့ ဆိုင်ကယ်နှင့် အုပ်စုလိုက်ရောက်ရှိလာပြီး ရိုက်နှက်စစ်ဆေးကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံ မျက်မြင်တဦး KNG ကချင်သတင်း ဌာနသို့ ပြောသည်။
ယခင် ကချင်ဒီမိုကရေစီသစ်တပ်မတော် (NDAK) ယခု နယ်ခြားစောင့်တပ်အသွင်ပြောင်းလဲထိန်းချုပ်နေသော ပန်ဝါမြို့မှ မိုင် ၆၀ အကွာခန့်ရှိသော ဒမ်ခေါန် (Dam Hkawn) နယ်ခြားစောင့်တပ်သည် ဒန်ကောကျေးရွာသို့ မသင်္ကာမှုဖြင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
“KIO/KIA တွေနဲ့ ပတ်သက်မှုှုရှိတယ် ဆို ပြီးတော့ လာဖမ်းတယ်။ ထိုးနှက်တယ်။ နှာခေါင်းသွေးတွေ ယိုသည် ထိ ထိုးပြီးဖမ်းသွားတယ်။ ခုချိန်ထိ မလွှတ်သေးဘူး။” ဟု ဒေသခံမျက်မြင်တဦးပြောသည်။
သင်းအုပ်ဆရာအား ဖမ်းဆီးသွားခြင်းကြောင့် ဒန်ဂေါ(Dan Gaw) ကျေးရွာရှိ ခရစ်ယာန် ဘာသာဝင်အသင်းသူ အသင်းသားများသည် တနင်္ဂနွေနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်း မပြုလုပ်နိုင်တော့ပဲ ၄င်းတို့ဆရာအတွက် စိုးရိမ်ပူပန်နေကြောင်း သိရသည်။
ပန်ဝါမြို့ပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် ၄င်းနယ်ခြားစောင့်တပ်ဖွဲ့သည် ဓမ္မဆရာများနှင့် သင်းထောက်များ ကို ဦးတည်ကာ ဖမ်းဆီးစစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း ဒေသခံအသင်းတော်လူကြီးတဦးမှ ကချင်သတင်းဌာနသို့ပြောသည်။
ထို့အပြင် နယ်ခြားစောင့်တပ် (၁၀၀၁) တပ်ဖွဲ့ သည် လဂွေကျေးရွာရှိ ဓမ္မဆရာဇောင်းခေါင်ဆိုသူအားလည်း လက်ကိုင်ဖုန်းကို သိမ်းယူလိုက်ပြီး ၄င်းတို့သတ်မှတ်ပေးသည့် နေရာတွင်သာ နေရမည်ဟု အမိန့်ပေးခြိမ်း ခြောက်ထားခဲ့သည်သိရသည်။
ကချင်ပြည်နယ်တွင် မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ စတင်လာချိန်မှစ၍ ကချင်ပြည်နယ်တဝန်း အာဏာပိုင်များနှင့် စစ်တပ်ပူးပေါင်း၍ ဒေသခံမသင်္ကာသူများကို ပုဒ် ၁၇ (၁) မတရား အသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးစစ်ဆေးမှုများ အမှုတိုးနေဆဲဖြစ်ကြောင်း ကချင်ပြည်နယ်တရားရုံးမှသိရသည်။
ထိုဖမ်းဆီးမှုတွင် များသောအားဖြင့် ကချင်အမျိုးသားများနှင့် ဓမ္မဆရာများသည် စစ်တပ်၏ဖမ်းဆီးရိုက်နှက် စစ်ဆေးမြန်းခြင်းအား ပိုမိုရင်ဆိုင်နေရခြင်းဖြစ်သည်။