၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာမှာသတိမူစရာ

၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရာမှာသတိမူစရာ
by -
သျှမ်းသံတော်ဆင့်

ပြီးခဲ့တဲ့ ဧပြီလကုန်က မြန်မာနိုင်ငံကို ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်း ရောက် ရှိစဉ်မှာ လာမယ့် ၂၀၁၄ ကစပြီး မြန်မာနိုင်ငံလူဦးရေကို ကမ္ဘာ့စံနှုန်းနဲ့အညီကွင်းဆင်းကောက်ယူသွားမယ်လို့ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီက ပြောပြီး ကတိပြုစာချုပ်မှာလက်မှတ် ရေးထိုး ခဲ့ပါတယ်။

 William A. Ryan/UNFPA)
UNFPA လို့ခေါ်တဲ့ UN  Fund for Population Activities အဖွဲ့ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်  Mohamed Abdel- Ahad  ကလည်း မြန်မာနိုင်ငံလူဦးရေ သန်းခေါင်စာရင်း ကောက်ယူဖို့  လူတယောက်ရဲ့အကြောင်းကို ကဃနဏ သိနိုင်ဖို့   သင်တန်းတွေချပေးသွားမယ်လို့လဲပြောပါတယ်။

www.gov.ai ကအဆိုအရ သန်းခေါင်စာရင်းကောက်ယင် လူတဦးအတွက် ဘာတွေသိဘို့လိုတယ်ဆိုတာ အရင်ဆုံးဖြတ်ပြီး တပြည်လုံးကို Enumeration (ED) ခေါ် အကွက်ချစနစ်ချပြီး သင်တန်းပေး တာဝန်ပေး ကောက်ယူရတယ်ဆိုပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပေါင်းစုံနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်တဲ့အတွက် သန်းခေါင်စာရင်းကောက်တော့ မယ်ဆိုရင် တိုင်းရင်းသားတွေဖက်က ဘယ်လိုနားလည်အောင်ရှင်းပြရမလဲ။ နားလည်အောင်ရှင်းမပြဘူးဆိုရင် ကျေးလက်ဒေသခံတွေက အရင်က တွေ့ကြုံခဲ့ဖူးတဲ့ အရိပ်ဆိုးတွေက အခုထိ လွှမ်းမိုးနေဆဲဆိုတော့ စာရင်း အစစ်အမှန်ကိုရရှိဖို့ လွယ်မှာမဟုတ်ပါဘူး။ မြန်မာအာဏာပိုင်ကိုမပြောနဲ့ ကိုယ့်ဒေသတွင်းလှုပ်ရှားနေတဲ့ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့ကိုတောင် စာရင်းအမှန်မပြောပြရဲကြတာကိုတွေ့ရပါတယ်။

အဘယ်ကြောင့်ဆိုသော် လူဦးရေအားမေးမြန်းရင် တပ်သားစစ်စုဆောင်းတော့မယ်၊ သက်မွေးဝမ်းကျောင်း လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းရင် အခွန်တွေကောက်ခံတော့မယ် စတဲ့ မကောင်းတဲ့ အနိဌာရုံ စွဲကပ်နေတဲ့အတွက် အခြေခံအဆင့်နားလည်သဘောပေါက်အောင် ကွင်းဆင်းဟောပြောဖို့ လိုပါတယ်။

ဒါကြောင့် စာရင်းအစစ်မှန်ကိုသိချင်တယ်ဆိုရင် သက်ဆိုင်ရာအာဏာပိုင်တွေ သိထားသင့်တာက - သန်းခေါင် စာရင်းကောက်တာဟာ လူထုကို ဒုက္ခမရောက်စေရပါဘူး။ စစ်သားကောက်ဖို့၊ အခွန်ကောက်ဖို့ မဟုတ်ပါဘူး ဆိုတာ နားလည်အောင် အရင်ဆုံး ပြောပြသင့်တယ်လို့ မြင်ပါတယ်။

အစိုးရဖက်ကနေ သန်းခေါင်စာရင်းကောက်တော့မယ်ဆိုရင် တိုင်းရင်းသားတွေအတွက် အနည်းဆုံး အထူး လိုအပ် တဲ့ အချက်တွေကတော့ -
(၁) မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးများ ဘယ်နှစ်မျိုးရှိသလဲ
(၂) လူတယောက်ဟာ သူ့ရဲ့လူမျိုးဆိုတဲ့နေရာမှာ ဘာလူမျိုးကိုထည့်စေချင်သလဲ။
(၃) Surname  မျိုးရိုးနာမည်ကိုပါထဲ့သုံးသင့်သလား။
(၄) တိုင်းရင်းသားတွရဲ့နာမည်ရှေ့မှာ ဦး၊ ဒေါ်၊ မောင်၊ မ ထပ်ထည့်သင့်သလား။
(၅) တိုင်းရင်းသားနာမည်တွေကို အင်္ဂလိပ်လိုရေးရင် မြန်မာလိုအသံထွက်နဲ့ ရေးသင့်သလားဆိုတဲ့ အဓိက အချက် ၅ ချက် ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။

(၁) မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုး ဘယ်လောက်ရှိသလဲ - ဒါအရေးကြီးဆုံးဘဲ။ မြန်မာစစ်ခေါင်း ဆောင်ပိုင်း ကတော့ မြန်မာမှာ တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိတယ်လို့ ကမ္ဘာကို အော်ပြနေတာတွေ့ရတယ်။ သူတို့အတွက် က တိုင်းရင်းသားများလေလေ နေရာမြဲလေလေဘဲမဟုတ်လား။ စစ်တပ်က ထိန်းချုပ်ထားပေးလို့သာ ပြည် ထောင်စုကြီး တည်မြဲနေတာ။ သို့မဟုတ်ရင် တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်ဆိုတော့ မြန်မာနိုင်ငံဟာ ၁၃၅ နိုင်ငံအဖြစ် အစိပ်စိပ်အမွှာမွှာဖြစ်သွားကုန်မှာ” ဆိုတဲ့စကား နှုတ်ကနေ မချတော့ပါဘူး။ အမှန်ကတော့ စစ်ခေါင်း ဆောင်တွေဟာ တိုင်းရင်းသားတွေမများ များအောင် ခွဲထားလိုက်တာ ကျနော်တို့နဲ့ အနီး စပ်ဆုံး သျှမ်းကိုဘဲ ခဏ ကြည့်ရအောင်၊ သျှမ်း Collective Name  (စုပေါင်းခြုံယူတဲ့နာမည်) ကိုလူမျိုးတမျိုးအဖြစ်ထားတဲ့အပြင် သူ့အောက်မှာ-
- ယွန်းသျှမ်း
- ခမ်းတီးသျှမ်း
- ခွန် (ဂုံသျှမ်း)
- လိ (တိုင်းလိ)
- သျှမ်းကလေး(တိုင်းလျန်ထဲမှ နာမည်တခု)
- သျှမ်းကြီး
- တိုင်းလွယ်
- တိုင်းလျန်
- တိုင်းလေ(တိုင်းနေ)
- မောရှမ်း ဆိုပြီးတော့  ခွဲထားတယ်။

လူမျိုး တမျိုးတည်းကို နာမည်အများကြီးခွဲထားတာကြောင့်  ပြစ်တငဝေဖန်နေတာသျှမ်းတခုတည်းမဟုတ်ပါဘူး။ တခြား သော တိုင်းရင်းသားတွေလဲပါပါတယ်။ ကချင်ဆိုရင်လဲ ၁၂ မျိုးရှိတယ်လို့ ပြောလိုပြော၊ ချင်း ဆိုရင်လဲ ၅၃ မျိုးတောင်ရှိတယ်လို့ပြောလိုပြောနဲ့ ဘယ်တိုင်းရင်းသားမှ  ဒီအပေါ်ကျေနပ်မှုမရှိ ပါဘူး။ မြန်မာအစိုးရ အဆက်ဆက်က ဗြိတိသျှက မြန်မာကို Divide and Rule  ခွဲခြားအုပ်ချုပ်တယ်၊ ဒီအချိန်အထိ အရိပ်အငွေ့ ကျန်နေတုန်းဘဲလို့ အပစ်ဖို့လေ့ရှိပါတယ်။ အမှန်တော့ ဗမာခေါင်းဆောင်တွေကိုယ်တိုင် Divide and Rule  စစ်စစ် နဲ့  အုပ်ချုပ်ကျင့်သုံးနေတာပါပဲ။

နောက်တခု (၂) လူတယောက်ဟာ  အမျိုးသားမှတ်ပုံတင်မှာပါရှိတဲ့ လူမျိုးဆိုတဲ့နေရာမှာ ဘာလူမျိုးကို ထဲ့စေ ချင် သလဲ။ ဗမာကြီးစိုးမှုဝါဒမကျင့်သုံးဘဲ မှန်မှန်ကန်ကန်ထည့်ပေးသင့်ပါတယ်။ ဥပမာအားဖြင့် ဘယ်လိုပြ ဿနာတွေ ဖြစ်တတ်သလဲ ဆိုရင် - ကချင်ပြည်နယ် သျှမ်းရေးရာဝန်ကြီး ဒေါ်နန်းခင်ပြုံးရည်က ကော့လီ သတင်းမီဒီယာရဲ့ အင်တာဗျူး ကိုဖြေကြားရာမှာ -“ သျှမ်းဗမာကနေ ဗမာဖြစ်သွားရတဲ့ အကြောင်းရင်းက လက်ရှိ ကိုင်ဆောင်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားက (စလုပ်တုန်းက) ဖောင်ဖြည့်တဲ့အခါမှာ သျှမ်းဗမာ အတွက် အကွက်မရှိဘူး လေ။ သျှမ်းဆိုရင် သျှမ်း၊ ဗမာဆိုရင် ဗမာ။ ပုံစံ(၁၀)  သန်းခေါင်စာရင်းမှာ သျှမ်းဗမာ လို့ ရေးထားပေမယ့် မှတ်ပုံမှာကျတော့ သျှမ်းဗမာ အကွက် မရှိလို့ ရှေ့က သျှမ်းပြုတ်ပြီး ဗမာ ဖြစ် သွားတယ်။ အဲဒါကြောင့် သျှမ်းလူဦးရေ စာရင်းက နည်းသွားတာပေါ့။ အန်တီတို့မှာ ညီအစ်မ နှစ်ယောက်ရှိတယ်။ အဖေလည်းသျှမ်း အမေလည်း သျှမ်းစစ်စစ်ပဲ။ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ အန်တီ သျှမ်းတိုင်းရင်းသား ရေးရာ ကိုယ်စားလှယ် နေရာကဝင်ပြိုင်တော့ အန်တီ့ညီမအရင်းက အန်တီ့အတွက် မဲထည့်ခွင့်မရှိဘူး။ သူ့မှတ်ပုံတင်ထဲမှာက ဗမာ ဖြစ်နေလို့” လို့ပြောပါတယ်။

မြန်မာနိုင်ငံက သန်းခေါင်စာရင်းစာရွက်

ကချင်ပြည်နယ်မှာအများစုနေထိုင်တဲ့ တိုင်းလျန်တွေကို မှတ်ပုံတင်မှာ သျှမ်း၊ဗမာလို့ ရေးထားတာကိုး။ ဒါပြင် အဲဒီတိုင်းလျန်လူမျိုးကိုဘဲ သျှမ်းနီ၊ သျှမ်းကလေး၊ သျှမ်း -ဗမာ ၊ ဗမာဆန်သောသျှမ်းစသဖြင့် ခေါ်ချင်သလို ခေါ်နေကြပါတယ်။

နောက်တခုက (၃) Surname အမျိုး(မျိုးရိုး) နာမည်ကိုပါထဲ့သုံးသင့်သလား။ ဆိုတော့ ကျနော်တို့ နိုင်ငံမှာ နာမည်တူ တဲ့လူတွေ အများကြီး ။ ဥပမာ တင်ဦးဆိုတာတောင်မှ မျက်မှန်တင်ဦးလား၊ S2 တင်ဦးလား၊ NLD တင်ဦးလား ဆိုပြီး နာမည်တပ်ရတာတွေရှိတယ်။ ဆိုတော့ ခေတ်မီတိုးတက် လူဦးရေများပြားလာသည်နှင့်အမျှ နာမည်တူတွေလဲ အများကြီးရှိလာမှာဘဲ။ ဒီတော့ ကချင်၊ ချင်းတို့လို တရုတ်တို့လို  မျိုးရိုးနာမည်ပါ ထည့်ပေး သင့်သလား ဆိုတာ စဉ်းစားဆုံးဖြတ်ပေးသင့်တယ်။

(၄) တိုင်းရင်းသားတွရဲ့နာမည်ရှေ့မှာ ဦး၊ ဒေါ်၊ မောင်၊ မ ထပ်ထည့်သင့်သလား ။ ဥပမာ မစ္စတာအိုဘားမား ကို ဦးမစ္စတာအိုဘာမား လို့မှမခေါ်ကြတာ။ အဲဒီလိုဘဲ စိုင်းဆိုတာက သျှမ်းအမျိုးသားကိုကိုယ်စားပြုနေပြီးပြီဘဲ မဟုတ်လား။ ဦး ၊ မောင် ထည့်သင့်နေသေးလား။ ဒါကြောင့် စိုင်းခမ်း ဆိုရင် ဦးစိုင်းခမ်း မဖြစ်သင့်တော့ဘူးထင် တယ်။ ဒါတွေစဉ်းစားပေးဖို့လိုတယ်။

(၅)တိုင်းရင်းသားနာမည်ကို မြန်မာလို အသံထွက်နဲ့ ရေးသင့်သလား။ ဗမာလူမျိုးဟာ လူဦးရေအများဆုံးဖြစ် နေတော့ တိုင်းရင်းသားတွေကို အလေးမထားဘူး။ ဂရုမစိုက်ဘူး။ တိုင်းရင်းသားနာမည်ဆိုရင်သူတို့ အသံ ထွက်နိုင်သလိုရေးမယ်။ ဥပမာ နန်းခမ်း ဆိုရင် နန်းမှာ ငသတ်အသံပါရမယ်။ ဗမာလျှာက ဒီအသံမထွက်နိုင်ဘူး။ ခမ်း ဆိုရင် ပါးစပ်ပိတ်ရမယ်။ ဗမာအသံက ပါးစပ်မပိတ်ပေးဘူး။ သျှမ်းအသံထွက်နဲ့ အင်္ဂလိပ်လိုရေးရင် Nang Kham ဖြစ်ရမယ်။ ဗမာက အသံမထွက်နိုင်တော့  Nan Khan ဖြစ်သွားတယ်။ ဒီဟာလေးတွေကအစ  အလေးမထားပေးရင် မဟာဗမာ လူမျိုးကြီးဝါဒ ဖြစ်ချင်နေတာလို့ အထင်ခံရတော့မှာပေါ့။

ဒီကိစ္စလေးတွေဟာ ဗမာလူမျိုးတွေအတွက် အသေးအဖွဲပါ လို့ မြင်ကြပေမယ့် ဒါလေးတောင်မှ မကြည့်ပေး မမြင်ပေးရင် စစ်မှန်တဲ့ပြည်ထောင်စုဆိုတာ စကားထဲမှာဘဲ ရှိတော့မှာပေါ့။ ဘယ်လိုမှ လက်တွေ့တည်ဆောက် နိုင်မှာမဟုတ်ဘူး။ ဒါကြောင့်ခေတ်အဆက်ဆက်တိုင်းရင်းသားတွေ တောင်းဆိုနေကြတဲ့ စစ်မှန်၍ ရေရှည်တည် တံ့ သောပြည်ထောင်စု တည်ထောင်နိုင်ဖို့။ ကမ္ဘာ့အမြင်မှာ လူမျိုးကြီးကနေ လူမျိုးငယ်လေးတွေကို အနိုင်ကျင့်   ဝါးမျိုနေတယ်ဆိုတဲ့အဖြစ် မမြင်ကြရအောင် ကမ္ဘာ့ အဆင့်မှီ သန်းခေါင်စာရင်း မကောက်ယူခင်မှာ၊ သန်းခေါင် စာရင်းကောက်တဲ့သင်တန်းမပေးခင်မှာ တိုင်းရင်း သားတွေရဲ့ ဒီလိုအပ်ချက် တောင်းဆိုချက်နဲ့  ဒီမေးခွန်းလေးတွေကို အလေးထားပြီးစဉ်းစားပေး၊ ထဲ့တွက်ပေး သင့်ကြောင်းပါ။

အယ်ဒီတာ
သျှမ်းသံတော်ဆင့်

Most read this week