ဝ လူဦးရေတိုးများရေးစီမံကိန်းအဖြစ် ယခုနှစ်လည်း တောင်ပိုင်း ဝ တပ်ဖွဲ့မှ မင်္ဂလာစုံတွဲ ၂၀၀ ကျော်အား မင်္ဂလာပွဲ ထပ်မံကျင်းပပေးခဲ့ကြောင်း တောင်ပိုင်းဝတပ်ဖွဲ့နှင့်နီးစပ်သည့်အသိုင်းအဝိုင်း ကပြောသည်။
“ ဝ လူဦးရေတိုးပွါးရေးစီမံကိန်းလို့လဲပြောလို့ရတာပေါ့ဗျာ၊ ဒီနှစ်စုံတွဲပေါင်း ၂၂၉ တွဲကို တောင်ပိုင်းဝ တပ်ဖွဲ့ စစ်ဒေသ ၁၇၁ ကနေ ပွဲကျင်းပပေးတယ်။ မွေးလာတဲ့ကလေးက ဝ လူမျိုးသတ်မှတ်ရမယ်။ ကလေးအများ ကြီးမွေးရင် ဝ တပ်ဖွဲ့က အထောက်အပံ့တွေပေးမယ်ဆိုတဲ့ ပေါ်လစီရှိတယ်လေ” - ဟု ဝတပ်ဖွဲ့နှင့်နီး စပ်သည့် နယ်စပ်ရောက် ပုံပါကျင် ဒေသခံ တဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။
မင်္ဂလာပွဲကြီးအား ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ/တပ်မတော် UWSP/UWSA က ကမကထပြုကာ ဧပြီလဆန်းက ကျင်းပခဲ့ခြင်း ဖြစ်ပြီး သျှမ်းပြည်တောင်ပိုင်း မိုင်းယောင်း၊ ခိုင်းလုံ၊ နားကောင်းမူး၊ ဝမ့်ကုန်းဆာ အစရှိ စစ်ဒေသ ၁၇၁ ထိန်းချုပ်နယ်မြေ အတွင်းရှိ ဒေသခံစုံတွဲ ၂၂၉ တွဲက အိမ်ထောင်ပြုလက်ထပ်မင်္ဂလာ ဆောင်နှင်းခဲ့ကြခြင်းဖြစ်သည်။
ဝ လူမျိုးတို့၏ ရိုးရာဓလေ့တခု မဟုတ်ခဲ့သော်လည်း ဝ လူဦးရေတိုးများစေရေးအတွက် တောင်ပိုင်း ဝ ထိန်းချုပ်နယ်မြေ ဟွေ့အော့်ဌာနချုပ်၌ ယမန်နှစ်ကလည်း မင်္ဂလာပွဲကြီးကျင်းပခဲ့၏။ ယမန်နှစ်က မင်္ဂလာစုံတွဲ ၂၄၉ တွဲရှိပြီး တပ်မဟာ ရ၇၅ တပ်မဟာမှူး ယန်ကော်ကျုံးကိုယ်တိုင်တက်ရောက်ကာမင်္ဂလာလက်ဆောင် များပေးအပ်ခဲ့သေးသည်။
စစ်သားနှင့် အရပ်သူ၊ စစ်သား နှင့် စစ်သမီး၊ အရပ်သား နှင့် အရပ်သူ၊ ဝန်ထမ်းချင်းဝန်ထမ်းစသဖြင့်ရှိကြ သည်ဟု သိရ၏။
ဝ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအတွင်းနေထိုင်သည့် ဒေသခံများအား သားယောက်ျားအများဆုံးမွေးသူအား ဆုငွေများပေးအပ် သည့်အပြင် အဆိုပါသားသမီးများကိုလည်း ဝ တပ်ဖွဲ့က ကူညီကျွေးမွေးစောင့်ရှောက် ပေးသည့်မူဝါဒလည်း ထုတ်ပြန်ထား ကြောင်း ဝ တပ်ဖွဲ့ နှင့် နီးစပ်သည့်အဆိုပါ ပုံပါကျင်ဒေသခံက ဆက်လက်ပြောပြသည်။