တပ်သားသစ်စုဆောင်းမှုရပ်တန့်ရေး တပ်မဟာ ရ၅၈ ပြည်သူ့စစ်ခေါင်းဆောင်များအား ကျားဖြူခေါင်းဆောင်ဆွေးနွေး

တပ်သားသစ်စုဆောင်းမှုရပ်တန့်ရေး တပ်မဟာ ရ၅၈ ပြည်သူ့စစ်ခေါင်းဆောင်များအား ကျားဖြူခေါင်းဆောင်ဆွေးနွေး
by -
သျှမ်းသံတော်ဆင့်

လဲချားမြို့နယ် ပြည်သူ့စစ်အသွင်ပြောင်း SSA ခွဲထွက် တပ်မဟာ ရ၅၈ ခေါင်းဆောင်များအား တပ်သား သစ်စုဆောင်းမှု ရပ်တန့်ရေး၊ ဒေသခံလူထုအား ဖမ်းဆီးရိုက်နှက်မှုမှ ရပ်တန့်ရေးအတွက် ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက   ဖိတ် ခေါ်ကာ ကြားဝင်စေ့စပ်ပေးခဲ့ကြကြောင်း ကျားဖြူပါတီ လွှတ်တော်အမတ် များနှင့်နီးစပ်သည့် အသိုင်းအဝိုင်းကပြောသည်။

sai-a-pa

“ လဲချားမြို့ နမ့်ဟူးဖရားထမ့်က တပ်မဟာ ရ၅၈ ဥက္ကဌ စိုင်းတ နဲ့ကွယ်လွန်သူ ဒု-ဗိုလ်မှူးကြီးမိုင်းဇင့်ရဲ့ညီ စိုင်းဒေါန၊ ဗိုလ်လုံ ဆိုင်ခေးတို့ မနေ့က တောင်ကြီး မြို့မှာ ကျားဖြူပါတီခေါင်းဆောင် စိုင်းအိုက်ပေါင်း နဲ့တွေ့ဆုံခဲ့ကြတယ်။ အဲဒီမှာ စိုင်းအိုက် ပေါင်းက - ကနေ့ခေတ်မှာအင်အားသုံးပြီး အနိုင်ကျင့်နှိပ်စက် ကြရမယ့်ခေတ်မဟုတ်တော့ဘူး။ ဒါကြောင့် အဓမ္မ စစ်သား ကောက်တာတွေရပ်ဖို့ပြောတယ်။ နို့မဟုတ်ရင် ဒေသခံလူငယ်တွေ ထွက်ပြေးကုန်မယ်လို့ပြောတယ် ” ဟု တောင်ကြီးမြို့ ရောက် လဲချားဒေသခံတဦးက သျှမ်းသံတော်ဆင့်အားပြောပြသည်။

မေလ ၂၄ ရက် ယမန်နေ့က ဝမ့်ပန်ဌာနေပြည်သူ့စစ်ခေါင်းဆောင်တို့အား တောင်ကြီး ကျားဖြူရုံးခန်း၌ ဦးစိုင်းအိုက်ပေါင်းက တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တပ်သားစုဆောင်းမှုရပ်တန့်ရန်အတွက် စိုင်းအိုက်ပေါင်း၏ ဆွေးနွေးအကြံပြုချက်ကို ဝမ့်ပန်ဌာနချုပ် ခေါင်းဆောင် စိုင်းထွဲ့ထံတင်ပြမည်ဟု စိုင်းတကပြောဆိုခဲ့ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ် ဝမ့်ပန်ပြည်သူ့စစ်တပ်ဖွဲ့မှ တလကျော် ဖမ်းဆီးရိုက်နှက်ခြင်းခံရပြီး မကျေနပ်သော ကြောင့် သမ္မတကြီးထံ ဒေသခံစိုင်းအိန္တာအောင်က တိုင်တမ်းထားကြောင်း တိုင်တမ်း စာမိတ္တူကို သျှမ်းပြည်ဝန်ကြီးချုပ်နှင့် ကျားဖြူပါတီဥက္ကဌတို့ထံ ပို့ဆောင်ပြီးနောက်ပိုင်း ဝမ့်ပန်ပြည်သူ့ စစ်ခေါင်းဆောင်များအား ကျားဖြူပါတီဥက္ကဌက ဖိတ်ခေါ်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း တောင်ကြီးမြို့ရောက် ခေတ်ပညာတတ် လဲချားလူငယ်က ဆက်လက်ပြောပြသည်။

“ စိုင်းတကပြောတယ်တဲ့။ စိုင်းထွဲ့ဟာ သဘောထားကောင်းပါတယ်။ နှုတ်ကြမ်းတာပါတဲ့။ အမှန်တော့ လက်နက်ကိုင် တပ်ဖွဲ့ ခေါင်းဆောင်ဟာ ပြောရေးဆိုရေးကိစ္စမှာ အရမ်းကိုသတိထားရပါမယ်။ နှုတ်ကြမ်းတာ ဒဲ့ဒိုးပြောတတ်တာ ဂုဏ်ယူစရာ မဟုတ်ပါဘူး။ သူပြောလိုက်တဲ့စကားကြောင့် လူတွေအကြောင်းမဲ့ အသက်ဆုံးရှုံးကြရတာများလှပါပြီ။ ဒါဂုဏ်ယူစရာ မဟုတ်ပါဘူး။ အခု စိုင်းအိန္တာအောင်တယောက်ဆိုရင် မြေကျဉ်းထဲမှာ တလကျော်ကြာနေရတယ်။ အိပ်၊စား၊ အပေါ့ အလေး သွား ကျဉ်းမြောင်းတဲ့ အဲဒီတနေရာထဲမှာနေနေရတာ။ ကျနော်တို့ သျှမ်းအချင်းချင်းအပေါ်အနိုင်ကျင့် နှိပ်စက်နေတာ ဘယ် လောက်ဝမ်းနည်းစရာကောင်းလဲဗျာ။ အခုလိုအစိုးရသစ်လက်ထက်မှာ ဒီထက်ကောင်းတဲ့နည်းလမ်းနဲ့ ပြဿနာဖြေရှင်း လို့ မရတော့ဘူးလားဆိုတာ မေးစရာတခုဖြစ်နေတယ်” ဟု တောင်ကြီးမြို့ ဒေသခံ  တဦးက သျှမ်းသံတော် ဆင့်သို့ပြောပြ သည်။

အဆိုပါ တွေ့ဆုံပွဲ၌ ကျားဖြူပါတီဥက္ကဌက “ မိမိထိန်းချုပ်နယ်မြေထဲက လူထုကို မစည်းရုံးနိုင်ရင်အမျိုးသား ရေး လုပ်ငန်း မှာအောင်မြင်မှုမရနိုင်သလို လူ့အခွင့်အရေးအပြည့်အဝလိုချင်တယ်ဆိုတဲ့ တောင်းဆိုမှုလဲ ဘယ်တော့မှရမှာမဟုတ်ဘူး” ဟုလည်း ပြောခဲ့ကြောင်း ကျားဖြူပါတီအမတ်တဦးက်ပြောပြပါသည်။

တပ်မဟာ ရ၅၈ ပြည်သူ့စစ်ခေါင်းဆောင်က တပ်သားသစ်စုဆောင်းခြင်း၊ လူထုအားဖမ်းဆီးခြင်းတို့အား ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ကိုင်နေပါက ဒေသခံသျှမ်းလူထု အိမ်နီးချင်းနိုင်ငံသို့ ထွက်ပြေးခိုလှုံကြ ဦးမည်ကိုမြင်ယောင်နေမိကြောင်း၊ တခြားသောတိုင်းရင်းသာများ စည်းလုံးညီညွတ်မှုရနေချိန်သျှမ်းပြည် သားအချင်းချင်း နှိပ်စက်မှုကြောင့် မြို့ပျက်၊ ရွာပျက် မည့်အရေး၊ အမျိုးသားလွတ်မြောက်ရေးလုပ်ငန်း မအောင်မြင်မည့်အရေးတွေးမိကာ စိတ်မကောင်းဖြစ်နေရကြောင်း အဆိုပါကျားဖြူပါတီ၏ လွှတ်တော် အမတ်က ဆက်ပြောပါသည်။

မတ်လနှောင်းပိုင်းက လဲချားမြို့နယ် ဝမ့်ပန်အုပ်စု ဘုန်းကြီးကျောင်းသို့ ရှင်ပြုပွဲသွား၍အပြန်လမ်း၌ အုပ်စုဥက္ကဌဟောင်း၏ ထော်လာဂျီမောင်းသူ စိုင်းအိန္တာအောင် အသက် ၅၀ အား မူးယစ်ဆေးသုံးသည် ဟုစွပ်စွဲကာ ဝမ့်ပန်ပြည်သူ့စစ်ခေါင်းဆောင် စိုင်းထွဲ့ က ဖမ်းဆီးချုပ်နှောင် ရိုက်နှက်ခဲ့သည်။ တလကြာသော် သားတယောက်နှင့် အလဲအလှယ်ပေးမှ လွှတ်ပေးမည်ဟု စိုင်းထွဲ့က တောင်းဆိုပြန်သဖြင့် အသက် ၁၂ နှစ်နှင့် ၁၄ နှစ်သာရှိသေးသော သားလူမမယ်လေးများအား စစ်မှုမထမ်းစေ လိုသောကြောင့် ဇနီးဖြစ်သူ နန်းလူက အသက် ၈၀ ကျော်အရွယ် ဖခင်နှင့်အတူ သား ၂ ဦးအားခေါ်ယူကာ ထိုင်းနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြကြောင်း ဝမ့်ပန်ဒေသခံ စိုင်းလူက ပြောပြသည်။ မူလက စိုင်းအိန္တာအောင်ကိုလည်းမလွှတ် ပေး တော့ဟု ပြည်သူ့စစ်ခေါင်းဆောင်များ ဆုံးဖြတ်ထားသော်လည်း သတင်းများ ပျံ့သွားပြီးဖြစ်သဖြင့် ပြန်လွှတ်ပေးလိုက် ရကြောင်း၊ ယခုအခါ စိုင်းအိန္တာအောင်ကိုယ်တိုင်မှာ သင်္ကန်းဝတ်ထားကြောင်း၊ ထိုင်း သို့တိမ်းရှောင်လိုသော်လည်း တိုင်တမ်း ထားသောအမှုကြောင့် စောင့်ဆိုင်းနေရကြောင်း တောင်ကြီး ကျားဖြူပါတီဝင်တဦးကပြောပြပါသည်။

ဗိုလ်မှူးစိုင်းတ နှင့် ဗိုလ်မှူးကာလိန်ထွဲ့သည် ၂၀၀၅ ခုနှစ် သျှမ်းပြည်တပ်မတော်  RCSS  မှခွဲထွက်၍  နအဖစစ်တပ် ထံ လက်နက်ချသော ဗိုလ်မှူးကြီးမိုင်းဇင့်၏ တပ်မဟာ ရ၅၈ မှ တပ်ဖွဲ့မှူးများဖြစ်သည်။ ၂၀၀၉ မေလ ၂၄ ရက် ဗိုလ်မှူးကြီး မိုင်းဇင့် မြန်မာစစ်ယာဉ်တန်းနှင့်အတူ RCSS/SSA ၏ ခြုံခိုတိုက်ခိုက်ခြင်းခံရ၍ သေဆုံးသွားပြီးနောက်ပိုင်း လဲချားမြို့ နမ့်ဟူးဖရားထမ့် ပြည်သူ့စစ်တပ်စခန်းတွင် စိုင်းတ က လည်းကောင်း၊ လဲချားမြို့ ဝမ့်ပန်ပြည်သူစစ်စခန်းတွင် စိုင်းကာလိန် ထွဲ့ က လည်းကောင်း စခန်းထိုင်ခဲ့ကြသည်။