သျှမ်းပြည်အရှေ့တောင်ပိုင်း ဟိုမိန်းမြို့နှင့်မယ်ဟောင်ဆောင်မြို့ကြား လက်နက်ကိုင်တပ်ဖွဲ့များ စစ်ရေးတင်းမာနေသောကြောင့် ဒေသခံရပ်ရွာလူထု တိမ်းရှောင်နေရကြာင်း နယ်စပ်ရောက် ဒေသခံများက ပြောသည်။
“အခုလ ၂၀ ရက်နေ့ကနေစပြီး ဖြစ်လာတာ။ ထိုင်းတပ်ဘက်ကလည်း အင်အားဖြည့်နေတယ်။ မေလ ၁၀ ရက်နေ့ ဗမာတပ်နဲ့ သျှမ်းတပ်တို့ တိုက်ပွဲဖြစ်ပွားတဲ့နောက်ပိုင်းဆက်ဖြစ်တဲ့ကိစ္စပါ။ ဒေသတွင်းလှုပ်ရှားတဲ့ ဟိုမိန်းပြည်သူ့စစ် တပ်ဖွဲ့ နဲ့ ဗမာတပ်က တစ်ဘက်၊ သျှမ်းတပ်ကတဘက် အင်အားဖြည့်ပြီး ချိန်နေကြတာ။ လူထုလဲထွက်ပြေးတယ်။ ထိုင်းဘက်ကလည်း သူ့နိုင်ငံလုံခြုံရေး ထိပါးလာမှာစိုးလို့ စစ်အင်အားရာနဲ့ချီ နယ်စပ်တလွှားမှာဖြည့်ထားတယ်” - ဟု ထိုင်းနယ်စပ်နေ မယ်ဟောင်ဆောင် သျှမ်းအမျိုး သားတဦးက ပြောပါသည်။
မေ ၂၀ ရက်နေ့က SSS ခေါင်းဆောင် မဟာကြာ၏သား ခွန်နုဦးဆောင်သည့် ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ အင်အား ၅၀ နှင့် အစိုးတပ် ခလရ ၂၈၆ အင်အား ၁၅၀ ကျော်တို့က သျှမ်းတပ်စခန်းရှိရာဘက်သို့ အင်အားဖြည့်နေကြောင်း၊ မေ ရ ရက်နေ့က ဟိုမိန်းပြည်သူ့ စစ်၏ ပြန်ကြားရေး တာဝန်ခံ စိုင်းလူအား သျှမ်းပြည်တပ်မတော်ကဖမ်းဆီးသွားသောကြောင့် ယခုကဲ့သို့ အင်အားဖြည့်ရ ခြင်းဖြစ် ကြောင်း၊ သျှမ်းပြည်တပ်မတော်ဘက်မှလည်း ခုခံတိုက်ခိုက်ရန် စစ်ရေးအသင့်ဖြစ် နေကြောင်း၊ နယ်စပ်လုံခြုံရေး ထိပါးလာမည် ကို စိုးရိမ်သည့် ထိုင်းဘုရင့်တပ်မတော်ကလည်း အင်အားရာဂဏန်းဖြင့် နယ်စပ်တလွှားလုံခြုံရေးချထားကြောင်း - ထိုင်းလုံခြုံရေး အရာရှိတဦးကပြောပါသည်။
ဟိုမိန်းဘက်အခြေစိုက်သျှမ်းပြည်တပ်မတော် အရာရှိတဦးက “ကျနော်တို့နဲ့ ဟိုမိန်း မဟာကြာ နဲ့ သားခွန်နု တို့အဖွဲ့ နဲ့က ဘာမှ မဖြစ်ပါဘူး။ နှဂိုကတည်းကဝင်ထွက်သွားလာပါတယ်။ဒါပေမယ့်သူတို့ရဲ့ ပြန်ကြားရေး တာဝန်ခံ စိုင်းလူက ကျနော်တို့ရဲ့ စစ်ရေး ဆိုင်ရာလျှို့ဝှက်ချက် တွေကို ယူပြီး မြန်မာတပ်ထံ အသေးစိတ်ပေးပို့တယ်၊ ဒါကြောင့် အဲဒီ စိုင်းလူကို ကျနော်တို့က ခဏတဖြုတ် ခေါ်ယူထိန်းသိမ်းထားပါတယ်။ သေနတ် နှစ်လက်၊ စကားပြောစက် နှစ်လုံးဖြုတ်သိမ်းထားတယ်။ လောင့်မအိုးဒေသက အရင်တုန်း က ဆို ကျနော်တို့နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဘဲရှိတယ်လေ။ အစိုးတပ်က ဆုတ်ပေးရင်တော့ ကျနော်တို့ သူ့ကိုကောင်းကောင်း ပြန်လွှတ် ပေးမှာပါ” - ဟု ပြောပါသည်။
သီးခြားအတည်မပြုနိုင်သေးသည့် သတင်းအရ လောင့်မအိုးဒေသခံ ၁၅၀၀ ကျော် ထိုင်းနိုင်ငံ မယ်ဟောင့်ဆောင်ခရိုင် ပန်မတ်ဖါ့မြို့ ဘန့်ပန်ခေါင်း မျက်နှာချင်းဆိုင် ၀မ့်နောင်လိုင် (ဟိုမိန်းဘက်ခြမ်း) တို့ စစ်ဘေးစစ်ဒဏ်မှ ရှောင်တိမ်း ရောက်ရှိနေကြကြောင်း ပြောပါသည်။
ကျနော်တို့ ၁၀ ရက်နေ့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးတဲ့နောက်ပိုင်း အစိုးရတပ်ရုပ်မပေးဘူး။ ပြည်သူ့စစ်နဲ့အတူ ကျနော်တို့တပ်နဲ့ မျက်နှာ ချင်းဆိုင်မှာနေပါတယ်။ တက်တိုက်တာလဲမရှိဘူး။ တပ်ဆုတ်တာလဲမရှိဘူး။ တခြားကိစ္စရပ်တွေတော့မရှိပါဘူး - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင် ကပြောသည်။
သျှမ်းပြည်တပ်မတော်အား ဌာနချုပ်ထားရှိရန် သံလွင်အရှေ့ခြမ်းဟိုမိန်းမြို့နယ်ခွဲ့နှင့် မုန်းထားမြို့နယ်ခွဲအား နေပြည်တော်အစိုးရ က သဘောတူထား၏။ လက်တွေ့အခြေချနေထိုင်ရန် လာမည့်လအတွင်း ကွင်းဆင်းမှု ပြန်လည်စတင် မည်ဟုလည်း သျှမ်းပြည် တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါသည်။ ကျိုင်းတုံမြို့သဘောတူညီရပြီး သတင်းစာရှင်းလင်း ပွဲလုပ်သည့်အချိန် တွင် အစိုးရကိုယ်စားလှယ် ဦးအောင်မင်းက “တိုက်ပွဲမရှိစေတော့ပါဘူး” - ဟု သတင်းထောက်များအား ရှင်းလင်းပါသည်။