သျှမ်းပြည်တပ်မတော်ခွဲထွက် ဝမ့်ပန်ဌာနေပြည်သူ့စစ်အသွင်ပြောင်း တပ်မဟာ ရ၅၈ ၏ဘိန်းချက်စခန်းအား ယခင်နှစ် နှောင်းပိုင်းက ဝင်ရောက်သိမ်းဆည်းပြီးနောက်ပိုင်း ဒေသခံလူထုအပေါ် တပ်သားသစ်များပြန်လည် အစားထိုးပေးရန်ဖိအား အပြင် အကြောင်းအမျိုးမျိုး ရှာဖမ်းဆီးသတ်ဖြတ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် အားပြောပြသည်။
“ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းက သူတို့ရဲ့ဘိန်းချက်စခန်းကို RCSS/SSA က ဝင်သိမ်းပြီးနောက်ပိုင်း ဒေသခံလူထုကို အပြစ် အမျိုး မျိုးရှာပြီးဖမ်းတယ်။ သတ်တယ်။ RCSS/SSA ဆီပူးပေါင်းတဲ့တပ်သားတွေအတွက် အစားထိုး ပြန်ရှာပေးရမယ်။ မရရင် တယောက် ၃ သိန်းကျပ် ပေးရမယ်လို့ပြောတယ်။ ဒါကြောင့် ဒေသခံအေများ အပြားထွက်ပြေးတိမ်းရှောင်နေရတယ် ” ဟု ဝမ့်ပန်ဒေသခံ စိုင်းမိန်းက သျှမ်းသံတော်ဆင့်အား ပြောပြသည်။
တပ်မဟာ ရ၅၈ အား ဦးဆောင်နေသော စိုင်းထွဲ့၊ စိုင်းကောင်လိုင်းနှင့် စိုင်းဒေါန(ကွယ်လွန်သူ ဒု- ဗိုလ်မှူးကြီးမိုင်းဇင့်၏ညီ) တို့က ဒေသခံများအား ဖမ်းဆီးရိုက်နှက်သတ်ဖြတ်နေခြင်းဖြစ်ပြီး သျှမ်းပြည် တပ်မတော်ထံပူးပေါင်းခဲ့သည့် ၎င်း၏တပ်သား ၆၀ ကျော်အစား လူစားရှာပေးရန် သက်ဆိုင်ရာ တပ်သားများ၏ မိသားစုများထံတောင်းဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် ဝမ့်ပန်ဒေသခံ တဦးကလည်း ပြောသည်။
“စိုင်းအိန္တာအောင်ကို ရွာဥက္ကဌတွေနဲ့ ရပ်မိရပ်ဖ တွေက အာမခံနဲ့ပြန်လွှတ်ပေးဖို့ တောင်းတယ်။ စိုင်းထွဲ့ တို့က လွှတ်ပေးဖို့ မပြောနဲ့ ထုတ်တောင်မထုတ်ပြဘူး။ မြေကျင်းထဲမှာ ချုပ်ထားတယ်။ သူ့ရဲ့ဇနီးနန်းဆာလူနဲ့ သားသမီးတွေကို လဲခေါ်ယူပြီး သားတယောက်နဲ့ လဲခိုင်းတဲ့အတွက် နန်းဆာလူနဲ့ သူ့သားသမီးတွေ ညတွင်းချင်း ထွက်ပြေးတာ။ အဲလိုဘဲ သူတို့ သင်္ကာ မကင်း ဖြစ်တဲ့လူတွေ သျှမ်းတပ်ဖွဲ့နဲ့အဆက်အသွယ်ရှိ တယ်လို့ သတ်မှတ်တဲ့လူတွေကို မမေးဘဲနဲ့ ဖမ်းတယ်သတ်တယ် ဆိုတော့ လူတွေက ကြောက်ပြီးထွက်ပြေး ကုန်ကြတယ်။ ရွာအုပ်ချုပ်ရေးမှူးတွေပါမကျန် ထွက်ပြေးရတယ်။ အခြေအနေက ဟိုးတုန်းက ၁၉၉၆ - ၁၉၉၇ တုန်းကလိုဘဲ။ ရွာကလူတွေ တဝက်ကျော်လောက်ထွက်ပြေးနေရတယ်ဆိုတော့ ကျန်တဲ့လူတွေရှေ့ဆက် ဘယ်လို နေထိုင်သွားရမယ်မသိတော့ပါဘူးဗျာ။ သူတို့ကို နိုင်မယ့် အစိုးရ ဘယ်တော့ပေါ်မလဲမသိဘူး။ စိုင်းတ၊ စိုင်းထွဲ့၊ စိုင်းဒေါန နဲ့ စိုင်းကောင်လိုင်းတို့ က ဥပဒေပေါ်မှာနေနေကြတော့ ၂၀၀၈ ဖွဲ့စည်းပုံလဲ ကျနော်တို့ကို ဘယ် လိုမှ မကယ်နိုင်ဘူး ” စိုင်းမိန်းကပြောသည်။
သျှမ်းတပ်ဖွဲ့နှင့်ပူးပေါင်းခဲ့သော တပ်သားများအတွက် မိသားစုဝင်များက အခြားတယောက်ငှား၍ပေးပို့ကြ ရကြောင်း၊ ထို့ကြောင့် အစားထိုးဖို့ လူတယောက်အတွက် တနှစ်လျင် ကျပ် ၁၅ သိန်းမှ ကျပ်သိန်း ၄၀ အထိ ဝမ့်ပန်နှင့် ဝမ့်ဆန်းဒေသခံများ ငှားပေးနေရကြောင်း ၎င်းက ဆက်လက်ပြောပြသည်။
သားယောက်ျားမရှိသည့် မိသားစုပင် ပြည်သူ့စစ်တယောက်ပေးရန်ဆင့်ဆိုခံနေရသဖြင့် ဒေသခံများ စိတ်ဆင်းရဲ နေကြရကြောင်း ဆို၏။
ဝမ့်ပန်ပြည်သူ့စစ်တပ်ဖွဲ့ (တပ်မဟာ ရ၅၈၊ သျှမ်းပြည်တပ်မတော် RCSS/SSA မှ ခွဲထွက်ပြီး အစိုးရတပ်ထံ ၂၀၀၆ ၌ လက် နက်ချ) ၏ ဝမ့်ပန်ပြည်သူ့စစ်စခန်းအား သျှမ်းပြည်တပ်တော် RCSS/SSA က ၂၀၁၁ ဒီဇင်ဘာ ၂၃ ရက်နေ့၌ ဝင် ရောက် တိုက်ခိုက်ပြီး မူးယစ်ဆေးဝါးများ၊ ချက်လုပ်ရေးဆိုင်ရာ ဓါတုပစ္စည်းများ၊ မူးယစ်ဆေးဝါးထုတ်လုပ်သည့် စက်များ နှင့်အတူ လူသူ လက်နက် ၆၀ သိမ်းဆည်းရမိခဲ့သည်။ သိမ်းဆည်းရမိသည့်ပစ္စည်းများအား စာရင်းပြုစုကာ ဒီဇင်ဘာ ၂၅ ရက်နေ့၌ အစိုးရတပ်ထံ အပ်နှံခဲ့သော် လည်း ယနေ့တိုင် တစုံတရာအရေးယူဆောင်ရွက် ပေးခြင်းမရှိဟု RCSS/SSA က ဆို၏။