အေသုံးလုံး ကုမ္မဏီက ကျောက်မီးသွေးတူးဖော်ရန် လားရှိုးမြို့နယ် ကျေးလက်ဒေသခံများ၏ လယ်ယာမြေ များအား ထပ်မံကျူးကျော်လာနေကြောင်း မြေအသိမ်းခံရသူများက ပြောပြပါသည်။
“နားလိုင်ဝမ့်ကောင်(ဝ်)ရွာဖက်မှာ ကျောက်မီးသွေးတူးနေတဲ့ အေသုံးလုံး ကုမ္မဏီကလေ အခုတူးနေ တဲ့နေရာက လွန်ခဲ့တဲ့ ၁၀ နှစ် ကတည်းက ရွာသားတွေရဲ့ လယ်၊ ယာ၊ ဥယျဉ်ခြံ မြေတွေကိုသိမ်းယူ ထားတာ။ အခုက ရွာအနီးအနားပတ်ဝန်းကျင်က ရပ်ရွာတွေရဲ့ အိမ်ခြံတွေ ထပ်ပြီး ကျူးကျော်လာနေ တယ်။ ရပ်တန့်ပေးဖို့ ပြောလဲမရဘူး၊ သတ်မှတ်ဧရိယာထက်ကို ကျော်ပြီး လုပ်လာတယ်” - ဟု မြေ အသိမ်းခံရသည့် လယ်သမားတဦးကပြောသည်။
လယ်ယာမြေများအား ထပ်မံသိမ်းယူခြင်းမပြုရန် ရွာသားများက သွားရောက်ပြောဆိုသော်လည်း ကုမ္မဏီက စိတ်မဝင်စားဘဲ ဆက်လက်ကျူးကျော်ပြီး ကျောက်မီးသွေးတူးဖေါ်နေကြောင်း၊ နယ်မြေကျူး ကျော်မှုအား ရပ်တန်းကရပ်ရန် လားရှိုးမြို့နယ်အတွင်းရှိ နိုင်ငံရေးပါတီများထံ အကူအညီတောင်းခံ ထားကြောင်း ပြဿနာကူညီဖြေရှင်းပေးနေသည့် လားရှိုးမြို့ခံလူငယ်တဦးကပြောပါသည်။
“ကျောက်မီးသွေးတူးဖော်တာကြောင့် ရွာသားတွေက ဆိုးကျိုးတွေအများကြီးခံစားရတယ်။ အသက်ရှူ ကျပ်တာ၊ အသားအရေခြောက်သွေ့တာ၊ ယားယံတာတွေ ဖြစ်လာတယ်။ အဲဒီကထွက်တဲ့ ဗြုန်းသဲနဲ့ ကျောက်မီးသွေးပါတဲ့မြေညစ်တွေကိုလဲ နမ့်ယောဝ် ချောင်းဘေးမှာသွားသွားပစ်တော့ အခု ချောင်း ရေက နှောက်ကျိလားပြီး သောက် လို့မရ သုံးလို့မရစဖြစ်လာပြီ” - ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှု လာသည့် ကျားဖြူပါတီဝင်တဦးကလည်းပြောပါသည်။
ကျောက်မီးသွေးတူးဖော်သည့်နေရာသည် လားရှိုးမြို့(အရှေ့မြောက်ဘက်)မှ မိုင်းယော်ဘက်အထွက် တာ့ပုံအုပ်စုနှင့် မိုင်းတင်အုပ်စုကြားရှိ နားလိုင်ဝမ့်ကောင်(ဝ်)ရွာဖြစ်ကြောင်း၊ အဆိုပါရွာမြောက်ဖက်ခြမ်း ရှိ ဒေသခံလူထု၏ လယ်မြေများအား နှင်း နှင်းခိုင်ကုမ္မဏီကသိမ်းယူထားပြီး ရွာတောင်ဘက်ပိုင်းရှိလယ်မြေ များမှာမူ ယခုတဖန် အေသုံးလုံးကုမ္ပဏီက သိမ်းယူထားသဖြင့် ဒေသခံလူထုတို့ အခက်တွေ့နေရကြောင်း လားရှိုးရောက်ဒေသခံများက ပြောပါသည်။