အစိုးရ ကိုယ်စားလှယ် နှင့် RCSS/SSA ကိုယ်စားလှယ်တို့ ပြည်ထောင်စုအဆင့် (ဒု)ကြိမ် တွေ့ ဆုံရန် ပြင်ဆင်နေချိန် သျှမ်းပြည်တပ်မတော်တပ်ဖွဲ့ဝင်များအခြေစိုက် တပ်စခန်းသို့ အစိုးရတပ်မှ ၃ ကြိမ်တက် တိုက်ခဲ့သည်ဟု သျှမ်းပြည်တပ်မတော် သတင်းရပ်ကွက်က ပြောပါသည်။
“ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေက အစိုးရ တပ်ကနေ သုံးကြိမ်စလုံး ကျနော်တို့ တပ်ဖွဲ့ရှိရာကို ဦးတည်ပြီး လာတိုက်တယ်။ မနေ့က တိုက်ပွဲဆိုတော်တော်ပြင်းထန်တယ်။ မိနစ်ကိုးဆယ်လောက် ကြာ တယ်။ အသေပျောက်စာရင်းတော့ တိကျမရသေးတော့ မထုတ်ပြန်နိုင်သေးဘူး” - RCSS/ SSA အရာရှိတဦးက ပြောပါသည်။
ယခုလမကုန်မှီ အစိုးရ ကိုယ်စားလှယ် နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ ဟု လူသိများသည့် RCSS/SSA ကိုယ်စားလှယ် တို့ သံလွင်အရှေ့ခြမ်း တနေရာ၌ ထပ်မံတွေ့ဖို့ ပြင်ဆင်နေချိန် မေလ ၉ ရက် ၂၃:၄၀ နာရီ အချိန် အစိုးရတပ် ခလရ ၂၄၆ က ပန်လုံမြို့နယ်ခွဲ ရှိ ဝမ့်ကောင်(ဝ်) ပန်မီ၊ စနင်းကျေးရွာအုပ်စု အခြေချ RCSS/SSA တပ်စခန်းအား လည်း ကောင်း၊ မေ ၁၀ ရက် ၁၆:၀၀ - ၁၇:၃၀ နာရီ အထိ အစိုးရတပ် ခလရ ၆၄ က ပင်လုံမြို့နယ်ခွဲ တန်ဟင်ကျေးရွာအုပ်စု ဖါလိုင်းတောင့်ဖှာ့ရှိ RCSS/SSA တပ်စခန်းအား လည်းကောင်း၊ မေ ၁၀ ရက် နေ့တွင် ခလရ ၂၈၆ အင်အား ၁၈၀ ခန့် ဟိုမိန်းမြို့နယ်ခွဲ မြောက်ဘက် လောင့် မအိုး ရှိ သျှမ်းပြည်တပ်မတော် စခန်းအားလည်းကောင်း သွားရောက်တိုက်ခိုက်ခဲ့သည်ဟု လွယ်တိုင်းလျဲန်း ဌာနချုပ် က အတည်ပြုပါသည်။
“ကျနော်တို့ သဘောတူညီချက်အရ အစိုးရတပ်ကနေ တောပိုင်း၊ ကျေးလက်ပိုင်းဘက်ထွက်မယ် ဆိုရင် ကြိုတင်အကြောင်းကြားရမယ်။ ကျနော်တို့မြို့ထဲဝင်ရင်လဲ အစိုးရတပ်ဆီကိုအကြောင်း ကြားမယ်။ ဒါကို အစိုးရက အကြောင်းမကြားတဲ့အပြင် ကျနော်တို့တပ်ကိုလဲ အရင်ပစ်ခတ်တိုက် ခဲ့တယ်။ ကျနော်တို့က မိမိကိုယ်မိမိကာကွယ်တဲ့အနေနဲ့ဘဲ၊အကျအဆုံးစာရင်းကို သက်ဆိုင်ရာ တပ်ရင်းတွေက အကြောင်းမကြား လာသေးသလို အစိုးရတပ်ဘက်သေကြေတဲ့ စာ ရင်းလဲ မသိရဘူး။ အစိုးရတပ်ဘက်က တော့ အခန့်မသင့် လို့ ရင်ဆိုင်တိုက်ပွဲဖြစ်ရတာလို့ဘဲ ပြောပါ တယ်” - ဟု RCSS/SSA ပြောခွင့်ရ ဗိုလ်မှူးလောဝ်ဆိုင်ကပြောပါသည်။
၂၀၁၁ နှစ်နှောင်းပိုင်းက ပဏာမ အဆင့်တွေ့ဆုံကာ အပစ်ရပ်သဘောတူညီချက်ရယူချိန်မှ စ၍ မေလအထိ တိုက်ပွဲ ၁၇ ကြိမ် ဖြစ်ပွားခဲ့ဖြစ်သည်ဟု RCSS/SSA က ပြောဖူးပါသည်။