မန်ပန်ပြည်သူ့စစ် ဒေသခံများ၏လယ်မြေ ဧက ၃၀၀ ကျော် သိမ်းယူ

မန်ပန်ပြည်သူ့စစ် ဒေသခံများ၏လယ်မြေ ဧက ၃၀၀ ကျော် သိမ်းယူ
by -
သျှမ်းသံတော်ဆင့်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့၌ မန်ပန်ပြည်သူ့စစ်ကဒေသခံလူထု၏  စိုက်ပျိုးမြေ ဧက ၃၅၀ ကျော် ကိုသိမ်းယူပြီး ဘိလပ်မြေစက်ရုံတည်ဆောက်ရေး စီမံကိန်းအတွက် လုပ်နေကြောင်း လားရှိုးမြို့ ဒေသခံများက ပြောပါသည်။

“ဗိုလ်မွန်းခေါင်းဆောင်တဲ့ မန်ပန်ဌာနေပြည်သူ့စစ် တပ်ဖွဲ့က စီးပွားရေးတာဝန်ခံ အတွင်းရေးမှူး ဦးဆမ်ကဦးဆောင်ပြီး မဲင်းကျိုင်းရွာသားတွေရဲ့ လယ်ယာမြေ ဧက ၃၅၀ ကျော်ကို ပြီးခဲ့တဲ့ ၂ နှစ် တုန်းက သိမ်းယူတာ။ အခုကျတော့ အဲဒီလယ်မြေတွေကို တိုင်ထောင် ကြိုးနဲ့ဝိုင်းထားပြီး ရွာသားတွေ ကို ဘာမှ ပေးမစိုက်တော့ အခက်တွေ့ နေကြတယ်” ဟု လားရှိုးဒေသခံ လူငယ်တဦးကပြောပါသည်။

လားရှိုးမြို့နယ် မဲင်းကျိုင်းအုပ်စုက ဒေသခံများ၏ လယ်ယာမြေ ၃၅၀ ဧက အား မတ်လဆန်းပိုင်းက  စီးပွားရေးတာဝန်ခံလည်းဖြစ် အတွင်းရေးမှူးလည်းဖြစ်သည့် ဦးဆမ်က လားရှိုး မြေတိုင်း ဦးအောင်ထွန်း လွင် နှင့် မဲင်းကျိုင်းဥက္ကဌဟောင်း ဦးဇာလိန်တို့ကိုခေါ်ယူပြီး သွားရောက်တိုင်းထွာတိုင်ထူ ကြိုးဝိုင်းထား ခဲ့ တာဖြစ်ကြောင်း မဲင်းကျိုင်းဒေသခံ အသက် ၃၀ ဝန်းကျင် အမျိုးသမီးတဦးက သျှမ်းသံတော်ဆင့် သို့ပြောပါသည်။

“ကြိုးနဲ့ဝိုင်းထားတဲ့လယ်မြေတွေမှာ စိုက်ပျိုးခွင့်လည်း မပေးဘူးဆိုတော့ လယ်သမားတွေက စိုက်ပျိုး စရာနေရာမရှိတော့ဘူးလေ။ အခက်တွေ့ကုန်တော့တာပေါ့။ ဘိလပ်မြေစက်ရုံထောင်မယ်ဆိုပေမယ့် ခုထိ ဘာမှမလုပ်သေးဘူးဆိုတော့ သီးနှံပေးစိုက်ထားသင့်တာပေါ့။ ပြီးတော့ သိမ်းယူတုန်းကလည်း လျော်ကြေးတပြားမှ မပေးဘူးလို့လယ်သမားတွေကိုယ်တိုင်ပြောပြတာ” - ဟု ဆက်၍ပြောပါသည်။

အဆိုပါ မဲင်းကျိုင်းအုပ်စုက အသိမ်းခံရမြေများအနက် နမ့်အွန်၊ ဖာရေးရွာနေ ဒေသခံများပိုင်သည့် လယ်မြေများလည်းပါဝင်ကြောင်း အချက်အလက်မှတ်တမ်းတင်ထားသူ ခေတ်ပညာတတ် လူငယ်တဦး ကလည်း ပြောပါသည်။

ဖေဖော်ဝါရီလကလည်း  နှင်းနှင်းခိုင်ကုမ္မဏီ မန်နေဂျာဦးကြည်က တာပုံဥက္ကဌနှင့် တာဝန်ခံစိုင်းအောင်ကို ခေါ်ယူပြီး   တာပုံဒေသခံများ၏ လယ်မြေများအား သိမ်းယူခဲ့သေးကြောင်း တာပုံဒေသခံများ ပြောပြ ချက်အရသိရပါသည်။

ဒေသခံလယ်ပိုင်ရှင်များသည့် အခမဲ့မြေသိမ်းယူမှုကိစ္စအား အစိုးရသစ်လက်ထက်၌ လွှတ်တော်အတွင်း တင်ပြတောင်းခဲ့လျှင် မိမိပိုင် လယ်ယာ ဥယျာဉ်ခြံမြေများ ပြန်လည်ရှိတတ်သည့်အတွက် ဒေသတွင်း နိုင်ငံရေးပါတီများထံ တင်ပြဆွေးနွေးသွားမည်ဟု လည်းဒေသခံများကပြောပါသည်။

Most read this week