သျှမ်းပြည်သား မူးယစ်ရာဇာအား လောဝ်အစိုးရက တရုတ်အစိုးရလက်ပေးအပ်

သျှမ်းပြည်သား မူးယစ်ရာဇာအား လောဝ်အစိုးရက တရုတ်အစိုးရလက်ပေးအပ်
by -
သျှမ်းသံတော်ဆင့်

လေးနိုင်ငံအလိုရှိ သျှမ်းပြည်သား မူးယစ်ရာဇာဟု ယူဆထားသည့် သျှမ်းပြည်သား စိုင်းနော်ခမ်းအား လောဝ် (လာအို)အစိုးရက တရုတ်အစိုးရလက်တို့ ယနေ့နံနက်ပိုင်း၌ လွှဲအပ်ကြောင်း တရုတ် CCTV က သတင်း ထုတ်ပြန်ပါသည်။

တရုတ်လက်သို့ လာအိုအစိုးရလွှဲအပ်စဉ်က တွေ့ရသော စိုင်းနော်ခမ်း“အောက်တိုဘာ ၅ ရက် မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦး သတ်ခံရတာ စိုင်းနော်ခမ်းလက်ချက်လို့ တရုတ်က စွပ်စွဲတာ။ အဲဒါကြောင့် တရုတ်က သူ့ကိုအလိုရှိတာ။ ထိုင်းက နော်ခမ်းကို ဖမ်းဝရမ်းထုတ်ထားတာ ဘတ်ငွေ ၂ သန်း၊ ဗမာက သူ့ကိုအလိုရှိနေတာ ၁၅ မှု၊ လောဝ် က ရ မှု ၊ တရုတ်က ၂၉ မှု ဆိုတော့ တရုတ်က ပိုအလိုရှိတော့ လောဝ် က တရုတ်ကို လွှဲပေးလိုက်ရတယ်ထင်ပါတယ်” - ဟု သျှမ်းပြည်မူးယစ်ဆေးဝါး စောင့်ကြည့်လေ့လာရေးအဖွဲ့ခေါင်းဆောင် ဦးခွန်စိုင်းက ပြောပါသည်။

ဧပြီ ၂၅ ရက် ညပိုင်း၌ မဲခေါင်မြစ်ကမ်း လောဝ်နိုင်ငံဘက်ခြမ်း၌ လောဝ် နှင့် တရုတ် ပူးပေါင်းတပ်ဖွဲ့က စိုင်းနော်ခမ်းအား ဖမ်းဆီးခဲ့၏။ ယနေ့ မေ ၁၀ ရက် နံနက်ပိုင်း၌ လောဝ် နိုင်ငံမြို့တော် ဝိန်းဇန် (ဗီယန်ရှင်း) မြို့၌ စိုင်းနော်ခမ်းအား တရုတ်ထံလွှဲအပ်သည့် အခမ်းအနားပြုလုပ်ခဲ့ပါသည်။

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်သား စိုင်းနော်ခမ်းသည် ဦးခွန်ဆာဦးဆောင်သည့် မုန်းတိုင်းအာမီ ၁၉၉၆ လက်နက်ချ စဉ်ပါဝင်ခဲ့ပြီး အစိုးရကျောထောက်နောက်ခံပြုသည့် တာချီလိတ်မြို့နယ်အခြေစိုက် ပြည်သူ့စစ်အဖွဲ့အဖြစ် ရပ်တည်ခဲ့၏။ ထို့နောက် ထိုဒေသ ဘက်မှ ထိုင်းနိုင်ငံအတွင်းဝင်ရောက်သည့်မူး ယစ်ဆေးဝါး များအား ၎င်း၏ လက်ချက်ဟု စွပ်စွဲသောကြောင့် မြန်မာအစိုးရက ၂၀၀၆ တွင်မွှေနှောက်ရှာ ဖွေရာမှ စိုင်းနော်ခမ်း နှင့် အဖွဲ့ဝင်အချို့ ပုန်းရှောင် ခဲ့ရပါသည်။

ဧပြီလ ၂၀ ရက်နေ့ ထိုင်းနိုင်ငံအစိုးရ ဒုတိယ ဝန်ကြီးချုပ် ချလိမ်ယူဘမ်းရုန်းမှ အလိုရှိမူးယစ်ရာဇာစာရင်း ၂၅ ဦးထုတ်ပြန်ရာမှာ စိုင်းနော်ခမ်း ကိုလည်း ဘတ်ငွေ နှစ်သန်းဖြင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။ ၎င်းနှင့်အတူ ထုတ်ပြန်ခံရသည့် ကလိုထူးဘော DKBA ခေါင်းဆောင် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွှေးကမူ ထိုင်း ဒု ဝန်ကြီးချုပ် ထုတ်ပြန်ချက်သည် မဟုတ်မှန်ကြောင်း ယနေ့ မေ ၁၀ နေ့ သတင်းစာရှင်းလင်းပွဲ၌ ထပ်မံပြောကြား၍ ထိုင်းဒု-ဝန်ကြီးချုပ်ကိုယ်တိုင် DKBA နယ်မြေအတွင်း သွားရောက်စစ်ဆေးရန် ထပ်မံဖိတ်ခေါ်လိုက်သည်။

Most read this week